ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ် ဖောရက်စ်ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ဂျက်ဆီ လင်ဂတ်က သူ့ရဲ့ ဆရာဟောင်း တဦး ဖြစ်သလို လက်ရှိမှာ စီးရီးအေကလပ် ရိုးမားရဲ့ ပဲ့ကိုင်ရှင် ဖြစ်နေတဲ့ ဟိုဆေး မော်ရင်ဟိုဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်က ယခုနှစ် ဘောလုံးရာသီ အစမှာ မန်ချက်စတာ ယူနိုက်တက် ကနေ နော်တင်ဟမ် ဖောရက်စ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက နော်တင်ဟမ် ဖောရက်စ်ရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Football 365

လင်ဂတ်က ယခုနှစ် ဘောလုံးရာသီမှာ နော်တင်ဟမ် ဖောရက်စ် အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ လင်ဂတ်က သူ့ရဲ့ ကစားသမားဘဝ အကြောင်းကို အတိုချုံ့ကာ နော်တင်ဟမ် ဖောရက်စ်ရဲ့ ပရိသတ်တွေကို ပြောပြခဲ့ပြီး အဆိုပါ အင်တာဗျူးမှာ လင်ဂတ်က သူ့ရဲ့ ဆရာဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း အခိုင်အမာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Football 365

လင်ဂတ်က – “ဟိုဆေး မော်ရင်ဟိုက ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြပါ။ သူက အမြဲတမ်း အနိုင်ရတာကိုပဲ လိုချင်တဲ့သူပါ။ ပြီးတော့ သူ့ရဲ့ စီမံခန့်ခွဲမှုတွေက ကောင်းသလို သူက ကျွန်တော့်ကို ယုံကြည်ပေးခဲ့ပါတယ်။ ကျွန်တော်က သူ့ကြောင့်ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။ ပြီးတော့ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး ဘောလုံးရာသီ တခုကိုလည်း သူ့ရဲ့ လက်အောက်မှာ ရခဲ့ပါတယ်” လို့ မော်ရင်ဟိုရဲ့ အကြောင်းကို ဖောက်သည်ချသွားခဲ့တာပါ။

လင်ဂတ်နဲ့ မော်ရင်ဟိုတို့က မန်ချက်စတာ ယူနိုက်တက်မှာ လက်တွဲခွင့် ရခဲ့ကြသူတွေ ဖြစ်ပြီး လင်ဂတ်က မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားရင်း ယူရိုပါလိဂ်ဖလား ၊ ကားလင်းဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့ပါတယ်။