မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား လင်ဂတ်ကတော့ လက်ရှိရာသီမှာ ယူရိုပါလိဂ် ဖလား ရရှိချင်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပြီး လာမယ့် ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ တွေ့ဆုံ ကစားရမယ့် ကိုပင်ဟေဂင်အသင်းကိုလည်း အနိုင်ရရှိချင်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ယူ ကွင်းလယ်လူ လင်ဂတ်ဟာ မနေ့ညက LASK အသင်းကို (၂-၁) နဲ့ အနိုင်ရရှိသွားခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော် တိုက်စစ်မှူး မာရှယ်နဲ့ အတူ သွင်းဂိုး (၁) ဂိုး သွင်းယူခဲ့ပြီး မန်ယူအသင်းက ယူရိုပါလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့် ကွာတား ဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ လင်ဂတ်ဟာ လက်ရှိရာသီမှာ ပွဲထွက်ခွင့် နည်းပါးခဲ့တာကြောင့် သွင်းဂိုးတွေလည်း နည်းပါးခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၂) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၄) ဂိုး ရှိသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ယူရိုပါလိဂ် ဖလားကိုသာ ရရှိနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး မန်ယူ ကွင်းလယ်လူ လင်ဂတ်ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်ကို တက်ရောက်ချင်ပြီး လက်ရှိ ရာသီမှာ ယူရိုပါလိဂ် ဖလားကို ရရှိချင်ပါတယ်လို့လည်း အခိုင်အမာ ပြောသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ လင်ဂတ်က “နိုင်ပွဲက အကောင်းမြင်စေပါတယ်။ အထူးသဖြင့် နောက်ပွဲအတွက် အကောင်းမြင်စေတယ်။ ကျွန်တော်တို့ ကောင်းစွာ ကစားခဲ့ကြတယ်။ အခု ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်လှမ်းပြီး ဗိုလ်လုပွဲမှာ အနိုင်ရဖို့ မျှော်လင့်ပါတယ်။ ဒီဟာက လက်ရှိမှာ ကျွန်တော်တို့တွေရဲ့ အဓိက ရည်ရွယ်ချက်ပါပဲ။ ယူရိုပါလိဂ် ဖလားကို ရရှိဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ ကစားသမားတွေ နဲ့ အသင်းရဲ့ နည်းပြအဖွဲ့တွေနဲ့ ဆိုရင် လူတိုင်းက အရေးကြီးတဲ့ အပိုင်းက ပါဝင်ကစားကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီယူရိုပါလိဂ် ပြိုင်ပွဲမှာ လူတိုင်း သူတို့တွေရဲ့ အပိုင်းကို ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ လာမယ့် ပွဲစဉ်ကို ကစားဖို့ မစောင့်နိုင်ကြတော့ဘူး။ (၁၀၀) ရာခိုင်နှုန်း လာမယ့် ပွဲစဉ်ကို အနိုင်ရရှိချင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။