ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဂျက်ဆီ လင်ဂတ် ကတော့ လန်ဒန် အခြေစိုက် ပရီးမီးယားလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းထံ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဂျက်ဆီ လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ကာ ပြီးခဲ့တဲ့ ၃နှစ်တာ ဝန်းကျင်မှာ အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အရန် ကစားသမား အဖြစ်သာ အသင်းမှာ ကျင်လည်နေရသူပါ။

Photo Credit: BBC

လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရရှိတော့ပဲ ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၇၉ မိနစ်သာ ပါဝင် ကစားခွင့် ရရှိထားပါတယ်။ ဒါဟာ လင်ဂတ်လို ဘောလုံး ကစားသမား တစ်ဦးရဲ့ ခြေစွမ်း အတောက်ပဆုံး အသက်အရွယ်ကို ရောက်ရှိနေတဲ့ ကစားသမား တစ်ဦး အတွက် လက်မခံနိုင်စရာ အချက် တစ်ခု ဖြစ်ခဲ့ပြီး လင်ဂတ် ကတော့ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိနိုင်မယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ခွင့် ပြုဖို့ အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားထံ တောင်းဆိုခဲ့ရာ ဆိုးလ်ရှားကလည်း လင်ဂတ်ရဲ့ တောင်းဆိုမှုကို သဘောတူ လက်ခံခဲ့ပါတယ်။

Photo Credit: BBC

 

လက်ရှိမှာတော့ လန်ဒန် အခြေစိုက် ကလပ်အသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းဟာ လင်ဂတ်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရခဲ့ပြီး ဝက်စ်ဟမ်းအသင်းဟာ လင်ဂတ်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းကို အငှားကြေး ယူရို ၁.၅သန်း ပေးချေခဲ့ရသလို လင်ဂတ်ရဲ့ တစ်ပတ် လုပ်ခလစာ ဖြစ်တဲ့ ပေါင် ၈၅၀၀၀ကိုလည်း အပြည့်အဝ ပေးချေရမှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ကစားထားပြီးချိန်မှာ ရမှတ် ၃၅မှတ် အထိ စုဆောင်း ထားနိုင်ခဲ့သလို အမှတ်ပေး ဇယားရဲ့ အဆင့် ၅ နေရာမှာလည်း ရပ်တည် နေနိုင်တာကြောင့် လာမယ့် ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာကို ရရှိဖို့ မျှော်မှန်းနေပြီး ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ လူအင်အား ဖြည့်တင်းမှု များစွာကို ဆက်တိုက် ပြုလုပ်နေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။