မန်ချက်စတာယူနိုက်တက်အသင်းကနေ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျီဆီလင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသလျက်ရှိနေပြီး သွင်းဂိုးတွေကိုပါ သွင်းယူနိုင်တာကြောင့် သူ့ကို ဝက်စ်ဟမ်းအသင်းက အပြီးသတ်ပါ ခေါ်ယူသွားချင်နေတဲ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပြန်လည်ရွေးချယ်ခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football 365

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ်ဆောက်ဂိတ်ဟာ ဆန်မာရီနို အယ်ဘေးနီးယား ပိုလန်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် လက်ရွေးစင်အသင်းရဲ့ လူစာရင်းကို ရွေးချယ်မှုတွေ ပြုလုပ်လျက်ရှိနေရာ လတ်တလောမှာ အတော်လေး ခြေစွမ်းပြနေတဲ့ လင်ဂတ်လည်း ဒီလူစာရင်းအတွင်း ပါဝင်လာဖွယ်ရှိနေတာဖြစ်ပါတယ်။ လင်ဂတ်ဟာ ၂၀၁၉ခုနှစ်က အင်္ဂလန်အသင်းနဲ့အတူ UEFA Nations League ပွဲစဉ်တွေ ဝင်ရောက်ဆင်နွဲပြီးနောက်ပိုင်း ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်လာရတာကြောင့် ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ကာ နောက်ဆုံးမှာတော့ အင်္ဂလန်အသင်းက လင်ဂတ်ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အခုတော့ လင်ဂတ်က အငှားနဲ့ သွားရောက်ကစားနေတဲ့ ဝက်စ်ဟမ်းအသင်းမှာ အထူးခြေစွမ်းပြလျက်ရှိနေပြီး အသင်းအတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၄)ဂိုးတောင် သွင်းယူပေးထားနိုင်ခဲ့သလို အသင်းကိုလည်း ဥရောပဝင်ခွင့် ရရှိဖို့အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေပါတယ်။ ဒါကြောင့် အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကနေ လင်ဂတ်ကို အသင်းရဲ့လူစာရင်းမှာ ပြန်လည်ရွေးချယ်သွားဖို့ စီစဉ်လာခဲ့တာဖြစ်သလို လက်ရှိ အင်္ဂလန်ကွင်းလယ်လူ တချို့ကလည်း ဒဏ်ရာပြသာနာတွေ ရှိနေတဲ့အတွက် လင်ဂတ်ကို ရွေးချယ်ဖို့က အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ အင်္ဂလန်အသင်းရဲ့ အဓိကပြိုင်ပွဲပေါင်း (၂၄)ပွဲအထိ ပါဝင်ကစားထားဖူးတဲ့ အတွေ့အကြုံရှိ လက်ရွေးစင်ဟောင်း ကစားသမားတစ်ယောက်ဖြစ်ပြီး တကယ်လို့ သူရဲ့လက်ရှိ အကောင်းဆုံးခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်မယ်ဆိုရင် မကြာခင်မှာ ကျင်းပသွားမယ့် ယူရို-၂၀၂ဝပြိုင်ပွဲကြီးကိုလည်း အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ဆင်နွဲဖို့ အကောင်းဆုံး အခွင့်အရေးကြီးပါ ပိုင်ဆိုင်လာရဖွယ် ရှိနေပါတယ်။