ပြင်သစ် လီဂူးဝမ်း ပြိုင်ပွဲဝင် အသင်းတစ်သင်း ဖြစ်တဲ့ နိုက်စ်အသင်းဟာ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ လင်ဂတ်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ် နေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လင်ဂတ်ဟာ တစ်ချိန်က မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အခရာ ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ပုံမှန် ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန် လာရတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန်နေရာ မရတော့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Express

လင်ဂတ်ဟာ သူ့ရဲ့ အကောင်းဆုံး အချိန်တွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် လက်ရှိရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပွဲချိန်ပြည့် ကစားပေး ထားရတဲ့ ပွဲစဉ်တောင် ရှိမနေပါဘူး။ ဒါ့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လင်ဂတ်ကို ဝယ်ယူမယ့်အသင်း ရှိပါက ရောင်းချသွားဖို့ စဉ်းစား ထားပြီး လင်ဂတ်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာကာ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အသင်းသစ် တစ်သင်းထံကို ပြောင်းရွှေ့ချင်နေပါတယ်။ လက်ရှိမှာတော့ နိုက်စ်အသင်း ဟာ လင်ဂတ်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ် နေပါတယ်။

Photo Credit: Express

လတ်တလောမှာ လင်ဂတ်ကို ခေါ်ယူဖို့ အတွက် နယူးကာဆယ်အသင်း ၊ ဘရိုက်တန်အသင်း တို့ကို နိုက်စ်အသင်းနဲ့ အပြိုင် စိတ်ဝင်စားနေပေမယ့် လင်ဂတ် ကတော့ ပြင်သစ် လီဂူးဝမ်း အသင်းဖြစ်တဲ့ နိုက်စ်အသင်းထံ ပြောင်းရွှေ့ကာ သူ့ရဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်ချင်နေကြောင်း နီးစပ်သူတွေ က ဆိုထားကြပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ လင်ဂတ်ရဲ့ အေးဂျင့်တွေဟာ လက်ရှိမှာ သူတို့ရဲ့ ကစားသမား အတွက် နိုက်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လင်ဂတ်နဲ့ နိုက်စ်အသင်းတို့ ကြားမှာ ဆွေးနွေးမှုတွေ ပြီးပြတ်ပါက နိုက်စ်အသင်းဟာ ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့် ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ လင်ဂတ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ကမ်းလှမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။