ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ ကစားသမားဟောင်း ဖြစ်သလို လက်ရှိမှာ အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ဂျက်ဆီ လင်ဂတ်က တောင်ကိုရီးယားကလပ် FC Seoulဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သိရှိရပါတယ်။

အသက် ၃၁နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျက်ဆီ လင်ဂတ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သလို သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၁ကြိမ် ရရှိခဲ့ပါတယ်။

 

Photo Credit: The Athletic

ဂျက်ဆီ လင်ဂတ်က ၂၀၂၂ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ နော်တင်ဟမ် ဖောရက်စ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ကစားခဲ့ပြီး လင်ဂတ်ဟာ ဖောရက်စ်မှာ အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် လစာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေ မပြနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက်မှာပဲ နော်တင်ဟမ် ဖောရက်စ်နဲ့ လမ်းခွဲခဲ့ရပါတယ်။

လင်ဂတ်က နော်တင်ဟမ် ဖောရက်စ်နဲ့ လမ်းခွဲပြီးနောက် ဥရောပ နာမည်ကြီးကလပ်တွေနဲ့ ဆော်ဒီကလပ်တွေဆီ ပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ လုပ်ခလစာ မြင့်မားမှုကြောင့် ဘယ်အသင်းကမှ သူ့ကို ခေါ်ယူဖို့ စိတ်မဝင်စားခဲ့ပါဘူး။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ဂျက်ဆီ လင်ဂတ်က တောင်ကိုရီးယား နာမည်ကြီးကလပ် FC Seoulဆီ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး မကြာခင်မှာပဲ လင်ဂတ်ဟာ တောင်ကိုရီးယားနိုင်ငံဆီ ခရီးထွက်တော့မယ်လို့ သိရှိရပါတယ်။

လင်ဂတ်က FC Seoulနဲ့ အနည်းဆုံး ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖွယ် ရှိနေပြီး လင်ဂတ်က FC Seoulမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ရင် ဆော်ဒီကလပ်တွေဆီ ပြောင်းခွင့် ရဖို့ မျှော်လင့်ထားကြောင်း လင်ဂတ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။