အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ ကွင်းလယ်လူသစ် လင်စထရုန်းက သူဟာ နာပိုလီဆီ မပြောင်းရွှေ့ခင်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်တဲ့ နာပိုလီဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ လင်စထရုန်းက ကွင်းလယ်တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိပြီး သူဟာ ဖန်တီးနိုင်စွမ်း မြင့်မားသလို လုပ်အားနှုန်း ကောင်းမွန်တဲ့ ကွင်းလယ်ဖန်တီးရှင် စစ်စစ်ပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

လင်စထရုန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖရန့်ဖတ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် နွေဈေးကွက်အတွင်းမှာ လီဗာပူးနဲ့ နာပိုလီ အပါအဝင် ဥရောပ နာမည်ကြီးကလပ်တွေက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြပြီး လင်စထရုန်းကတော့ သူ့ကို ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်သလို လူငယ်ကြယ်ပွင့်တွေကို မြေတောင် မြှောက်ပေးနိုင်တဲ့ နာပိုလီကိုသာ အသင်းသစ် အဖြစ် ရွေးချယ်ခဲ့ပါတယ်။

နာပိုလီက လင်စထရုန်းအတွက် ဖရန့်ဖတ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ပေးချေခဲ့ရသလို လင်စထရုန်းကိုလည်း ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ လင်စထရုန်းက သူ့ရဲ့ နာပိုလီ ကစားသမား ဘဝ ပထမဦးဆုံးပွဲ အဖြစ် နာပိုလီ ၁-၂ လာဇီယိုပွဲမှာ ဝင်ရောက် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: 90 Mins

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ လင်စထရုန်းက သူဟာ လီဗာပူးပရိသတ် တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝအတွက် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်းဆီသာ ပြောင်းချင်ခဲ့တာကြောင့် လီဗာပူးကို ငြင်းဆန်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

လင်စထရုန်းက – “လီဗာပူးက ကျွန်တော့်ကို လိုချင်ခဲ့ပါတယ်။ ကျွန်တော်ကလည်း လီဗာပူးရဲ့ ပရိသတ် ဆိုတော့ လီဗာပူးဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးက ကျွန်တော့်အတွက် စိတ်ကူးယဉ်ဆန်တဲ့ အခွင့်အရေးမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တခု မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အသက်အရွယ်မှာ ကျွန်တော်က ပုံမှန် ပွဲကစားခွင့် လိုအပ်ပါတယ်” လို့ ပြောကြားရင်း လီဗာပူးကို ငြင်းဆန်ခဲ့ကြောင်း အတည်ပြုသွားခဲ့တာပဲ ဖြစ်ပါတယ်။