၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဒိန်းမတ်အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ လင်စတုန်းက ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲမှာ သူတို့အသင်းကို အနိုင်ရသွားတဲ့ ပြင်သစ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ ထပ်ရောက်လိမ့်မယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်နဲ့ ဒိန်းမတ်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုD အတွင်းမှာ တူနီးရှား ၊ ဩစတေးလျတို့နဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး အုပ်စုအဖွင့်ပွဲမှာ ပြင်သစ်က ဩစတေးလျကို အနိုင်ရခဲ့ပြီး ဒိန်းမတ်ကတော့ တူနီးရှားကို သရေကျထားခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ အုပ်စု ဒုတိယပွဲမှာ ရလဒ်ကောင်း ရရှိဖို့ဟာ နှစ်သင်းစလုံး အတွက် အရေးကြီးခဲ့ပြီး အဆိုပါပွဲမှာတော့ ကစားသမား အင်အားပိုင်း ပိုမို သာလွန်တဲ့ ပြင်သစ်က ဒိန်းမတ်ကို ခြေစွမ်းအသာစီးနဲ့ ကစားသွားနိုင်ခဲ့သလို နိုင်ပွဲကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ပြင်သစ် ၂-၁ ဒိန်းမတ် ပွဲစဉ်မှာ ပြင်သစ်အတွက် အနိုင်ဂိုးတွေကို အဓိက တိုက်စစ်မှူး အမ်ဘာပေ တဦးထဲက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒိန်းမတ်အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၆၈မိနစ်မှာ နောက်ခံလူ ခရစ်တန်ဆန်က သွင်းယူပေးခဲ့တာပါ။

အဆိုပါပွဲမှာ အနိုင်ရခဲ့တာကြောင့် ပြင်သစ်က ယခု ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ဆီ တက်ရောက်နိုင်တဲ့ ပထမဦးဆုံးအသင်း ဖြစ်လာသလို ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒိန်းမတ်ကတော့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အုပ်စုနောက်ဆုံးပွဲ ဖြစ်တဲ့ ဩစတေးလျနဲ့ပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရယူတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဒိန်းမတ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ လင်စတုန်းကတော့ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ပြိုင်ဘက် ပြင်သစ်ရဲ့ ကစားအားကို အတော်လေး သဘောကျနေခဲ့ပြီး ပြင်သစ်ဟာ မယုံနိုင်လောက်အောင် ကောင်းတဲ့ အသင်းတသင်း ဖြစ်သလို ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်လိမ့်မယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

လင်စတုန်းက – “ပြင်သစ်အသင်းကို ကြည့်လိုက်ဗျာ။ ကျွန်တော်ကတော့ သူတို့ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြင်သစ်မှာ အမ်ဘာပေ ၊ ဒမ်ဘီလီ ၊ ဂရစ်ဇ်မန်းနဲ့ ချူအာမီနီတို့လို ပွဲတပွဲကို အနိုင်ယူပေးနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ပြီးတော့ သူတို့ရဲ့ အရန်ခုံတန်းမှာလည်း အရည်အသွေးမြင့် ကစားသမားတွေက အပြည့်ပါပဲ။ သူတို့ရဲ့ ကစားသမား အင်အားက ရူးလောက်စရာ အနေအထားပါ။ ကျွန်တော်ကတော့ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့လို ကစားသမားတွေ ပါဝင်နေတဲ့ ပွဲတိုင်းဟာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ပဲ ထင်ပါတယ်။ သူတို့ရဲ့ လျင်မြန်မှုက တကယ်ကို ကြောက်စရာကောင်းပါတယ်” လို့ ပြင်သစ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။