မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆွီဒင်နောက်ခံကစားသမား ဗစ်တာလီဒင်လော့က သူဟာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တိုင်းနီးပါးကို ပါဝင်ကစားနေရတယ်ဆိုပေမယ့်လည်း သူ့မှာ ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုတွေကို ခံစားလို့နေပြီး အသင်းက ပွဲကျပ်တွေကို တောက်လျှောက်ကစားနေရတာကြောင့် အနားယူဖို့က မဖြစ်နိုင်တဲ့အတွက် ဒဏ်ရာတွေ ရှိနေတဲ့ကြားပဲ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းကစားနေရတာာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

လင်ဒီလော့က “ကျွန်တော်ဒီအသင်းကို ဆုဖလားတွေ ရယူနိုင်တဲ့အထိ ကူညီပေးသွားချင်ပါတယ်။ ဒါကြောင့် ကြိုးစားကစားနေရတာပါ။ အသင်းက ကျွန်တော့်ကို လိုအပ်မယ်ဆိုရင် ကျွန်တော်ရဲ့ အကောင်းဆုံးပုံစံတွေ ပြသနိုင်အောင်နဲ့ အသင်းကိုလည်း အမြင့်မားဆုံးအဆင့်ထိရောက်အောင် ကြိုးစားပြီး စွမ်းဆောင်ပေးချင်ပါတယ်။ ကျွန်တော့်မှာ နာကျင်မှုတချို့ ရှိနေတယ်ဆိုရင်တောင်မှပဲ အသင်းအတွက် ပါဝင်ကစားပေးချင်သလို အကောင်းဆုံးတွေကို စွမ်းဆောင်ပေးချင်ပါတယ်။ တကယ်တော့ ကျွန်တော့်မှာ ဒဏ်ရာပြသာနာတွေကြောင့် နာကျင်မှုတွေ ရှိလို့နေပြီး အဲ့ဒီနာကျင်မှုတွေနဲ့ ပွဲတွေဆက်ကစားနေရတာပါ”

Photo Credit : Sky News

“ဒီနာကျင်မှုတွေကနေ သက်သာအောင် နေ့တိုင်းလိုလို ကြိုးစားနေပေမယ့်လည်း ပွဲစဉ်ဇယားတွေက အရမ်းကျပ်နေတဲ့အတွက် ဒီဒဏ်ရာတွေ ဒီပွဲကျပ်မှုတွေအောက်မှာပဲ ရအောင်ကြိုးစားနေရတယ်။ ဒါက တကယ့်ကို ခက်ခဲလွန်းတယ်။ အထူးသဖြင့် ပွဲတွေကစားလို့ ပြီးသွားတဲ့အချိန်မျိုးမှာ ဆိုရင်ပေါ့။ ဒါပေမယ့်လည်း ဒီလိုနာကျင်မှုတွေနဲ့ပဲ ကျွန်တော်ရဲ့ခြေစွမ်းတွေက ပိုပိုပြီး ကောင်းမွန်မှုရှိလာအောင် ကြိုးစားနေတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက်(၂၆)နှစ်အရွှယ်ရှိ ဆွီဒင်လက်ရွေးစင် နောက်ခံကစားသမား ဗစ်တာလင်ဒီလော့ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၇)ပွဲအထိကို ပါဝင်ကစားထားခဲ့ရပြီး ဒီနေ့ညမှာ လိဒ်စ်ယူနိုက်တက်အသင်းကို အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက်ပါဝင်လာဖွယ် ရှိနေပါတယ်။ လင်ဒီလော့ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေဘက်ကနေ ဝေဖန်မှုတွေ ရှိနေသလို မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့အတွက် လင်ဒီလော့နဲ့ မလုံလောက်ပဲ ခံစစ်မှူးသစ် ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ပြောဆိုမှုတွေအပေါ်မှာတော့ သူဘယ်လိုမှ မခံစားမိကြောင်း သူရဲ့စွမ်းဆောင်ရည်အပေါ်မှာလည်း စိုးရိမ်မှုမရှိကြောင်း လင်ဒီလော့က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။