ယမန်နေ့ညက ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ပဲလေ့စ်အသင်းကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်ဟာ မန်ယူအသင်းရဲ့ ရာသီအဖွင့်ပွဲစဉ် ဖြစ်တာကြောင့် အတော်လေး အထိ နာခဲ့တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပြီး အနိုင်ရရှိသွားတဲ့ ပဲလေ့စ်အသင်း ကတော့ နှစ်ပွဲဆက် အနိုင်ရလဒ်နဲ့ အတူ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာအထိ ရောက်ရှိ သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ပြောစရာ ဖြစ်ခဲ့တာ ကတော့ မန်ယူအသင်းရဲ့ နောက်ခံလူ လင်ဒီလော့ဖ်ရဲ့ ဆိုးရွားလှတဲ့ ခြေစွမ်းဖြစ်ပြီး ပဲလေ့စ်အသင်း ရရှိသွားတဲ့ သွင်းဂိုး ၃ဂိုးစလုံးဟာ သူ့ရဲ့ အမှားတွေကြောင့်လို့ ပြောရင် မှားမယ် မထင်ပါဘူး။

Photo Credit: Standard

ပဲလေ့စ်အသင်းကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လင်ဒီလော့ဖ်ရဲ့ ခြေစွမ်းပိုင်းဟာ အတော်လေးကို ဆိုးရွားခဲ့ပြီး ပွဲအစပိုင်းမှာ သူ့ရဲ့ လူကပ် ကစားပုံ ညံံ့ဖျင်းရာ ကနေ ရှာလပ်ဗ်ဟာ ဖြတ်တင်ဘော ပေးပို့ခွင့် ရသွားပြီး အဆိုပါ ပေးပို့မှုကို အနောက်ကနေ အလိုက်သင့် လိုက်ပါလာတဲ့ တောင်ဆန်က အမှားအယွင်း မရှိ ပိတ်သွင်းခဲ့ပြီး ပဲလေ့စ်အသင်းဟာ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရ အပြီးမှာတော့ မန်ယူအသင်းဟာ ပွဲကို ဖိဖိစီးစီး ကစားလာပေမယ့် ချေပဂိုး မရရှိခဲ့ပဲ ပဲလေ့စ်အသင်း ကသာ ပွဲချိန် ၇၄ မိနစ်မှာ ပင်နယ်တီက တဆင့် ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပြီး ဇာဟာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard

ပဲလေ့စ်အသင်းဟာ အဆိုပါ ပင်နယ်တီကို အငြင်းပွားဖွယ်ရာ အခြေအနေတစ်ခု ကနေ ရရှိခဲ့တာ ဖြစ်ပြီး လင်ဒီလော့ဖ်ရဲ့ ဂိုးဧရိယာအတွင်း လက်ထိဘော ကနေ ပင်နယ်တီ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ မန်ယူအသင်းရဲ့ ကစားသမားသစ် ဗန်ဒီဘိခ်ဟာ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အဆိုပါ ချေပဂိုးကြောင့် မန်ယူအသင်းရဲ့ ကစားပုံဟာ ပိုမို ကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲစဉ်မှာ မန်ယူအသင်း အတွက် စူပါဗီလိန်ကြီး ဖြစ်ခဲ့သူ လင်ဒီလော့ဖ် ကြောင့်ပဲ ပဲလေ့စ်အသင်းဟာ တတိယ ဦးဆောင်ဂိုးကို ပွဲချိန် ၈၅ မိနစ်မှာ ရရှိသွားခဲ့ပြီး လင်ဒီလော့ဖ်ရဲ့ ဘောလုံးရှင်းထုတ်ပုံ မသေသပ်တာ ကနေ တဆင့် ဇာဟာက ဂိုးဧရိယာထိပ်မှ အပြင်း ကန်သွင်းသွားခဲ့တာပါ။

Photo Credit: Standard

ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် နှစ်ပွဲစလုံးကို အရေးနိမ့်ခဲ့ရပြီး နှစ်ပွဲစလုံးမှာ ကစားပုံ ဆိုးရွားခဲ့တဲ့ လင်ဒီလော့ဖ်ကတော့ မန်ယူအသင်း ကို အားပေးတဲ့ ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ အပိတ်ပွဲစဉ် ဖြစ်တဲ့ ဆီဗီလားအသင်းကို လင်ဒီလော့ဖ်ရဲ့ အမှားကနေ ပေးခဲ့ရတဲ့ သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရသလို ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာလည်း လင်ဒီလော့ဖ်ရဲ့ ကြီးမားတဲ့ အမှားသုံးခုကြောင့် သွင်းဂိုး ၃ဂိုးအထိ ခွင့်ပြု ပေးခဲ့ရကာ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာပါ။ တစ်ပွဲထဲမှာ အမှား သုံးကြိမ် အထိ ပြုလုပ်ခဲ့တာဟာ ဗဟိုနောက်ခံလူ တစ်ဦးအနေနဲ့ မဖြစ်သင့်တာကြောင့် မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ခြေစွမ်း ဆိုးရွားနေတဲ့ လင်ဒီလော့ဖ်ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့် သွားရမှာပဲ ဖြစ်ပါတယ်။