ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ လင်ဒီလော့ဖ်ဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နောဝှစ်ချ် ၀-၁ မန်ချက်စတာ ယူနိုက်တက်ပွဲစဉ် အတွင်းမှာ နှလုံးခုန်နှုန်း မူမမှန်ကာ အသက်ရှူကျပ်ခဲ့တာကြောင့် အနီးကပ် စောင့်ကြည့် ကုသမှုတွေ ခံယူနေရကြောင်း သိရပါတယ်။

အသက် ၂၇နှစ် အရွယ် ဆွီဒင်လက်ရွေးစင် ခံစစ်မှူး လင်ဒီလော့ဖ်ဟာ နောဝှစ်ချ်အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပြီး ပွဲစဉ်တလျှောက် နောဝှစ်ချ်အသင်းရဲ့ တိုက်စစ်ပိုင်းကို စွမ်းစွမ်းတမံ တားဆီးခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: 90 Mins

လင်ဒီလော့ဖ်ဟာ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် ပွဲကစားချိန် ၇၀မိနစ် ဝန်းကျင်မှာတော့ နှလုံးခုန် မြန်လာကာ အသက်ရှူကျပ်လာတာကြောင့် ဆေးကုသမှုတွေ ခံယူခဲ့ရပြီး အသင်းဖော် ခံစစ်မှူး အဲရစ် ဘိုင်လီနဲ့ လူစားလဲခဲ့ရပါတယ်။

အဆိုပါအချိန်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေက လင်ဒီလော့ဖ်ကို အနီးကပ် စောင့်ကြည့်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးခဲ့တာကြောင့် လင်ဒီလော့ဖ်ဟာ ပြန်လည် သက်သာလာခဲ့ပေမယ့် သူ့ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ထပ်မံ စောင့်ကြည့်ဖို့ လိုအပ်နေသေးကြောင်း နှလုံးရောဂါ အထူးကု ဆရာဝန်တွေက ပြောကြားထားပါတယ်။

Photo Credit: 90 Mins

လင်ဒီလော့ဖ်ရဲ့ အသင်းဖော် ဖြစ်သူ ဂိုးသမား ဒီဂီယာကတော့ လင်ဒီလော့ဖ်ဟာ ပွဲအတွင်းမှာ အသက်ရှူရ ခက်ခဲခဲ့ကြောင်း ပြောကြားလာခဲ့ပြီး အဲရစ်ဆင် ၊ အဂူရို စတဲ့ ကစားသမားတွေကလည်း လင်ဒီလော့ဖ်လိုမျိုး အသက်ရှူရ ခက်ခဲတဲ့ ပုံစံမျိုး ဖြစ်ဖူးခဲ့တာကြောင့် လင်ဒီလော့ဖ်ရဲ့ အသက်အန္တရာယ် အတွက် စိုးရိမ်မိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ဒီဂီယာက – “လင်ဒီလော့ဖ် တယောက် ဘာတွေ ခံစားခဲ့ရလဲ ဆိုတာကို မပြောပြတတ်ပါဘူး။ ဒါပေမယ့် သူ့ကို ကြည်ံရတာ အသက်ရှူဖို့ ခက်ခဲခဲ့သလိုပါပဲ။ ကျွန်တော်တို့တွေ အဲရစ်ဆင် ၊ အဂူရိုတို့လို ကစားသမားမျိုးတွေ သာမက အခြား ကစားသမားတွေမှာပါ ဒီလိုမျိုး အသက်ရှူရ ခက်ခဲတဲ့ ပုံစံမျိုးတွေ ဖြစ်ခဲ့တာကို မြင်တွေ့ပြီးပါပြီ။ ဒါကြောင့် ဒီပြဿနာနဲ့ ပတ်သတ်ပြီး ကောင်းမွန်တဲ့ ဖြေရှင်းမှုတွေ လိုအပ်နေပါတယ်။ အသက်ရှူရ ခက်ခဲနေတဲ့ အချိန် ၊ ထူးဆန်းတဲ့ ခံစားမှုတွေ ခံစားနေရပြီ ဆိုရင် ဘောလုံးပွဲ တပွဲကလည်း အရေးမပါပါဘူး။ အရေးအကြီးဆုံးက လူတွေရဲ့ အသက်ပါပဲ။ ဒါကြောင့် သူ့အတွက် အသက်အန္တရာယ် လုံခြုံမှုက ပိုပြီး အရေးကြီးပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။