မနှစ်က ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့်လည်း ယူရိုပါလိဂ်ဝင်ခွင့်ကို အရယူနိုင်ခဲ့တဲ့အပြင် ချယ်လ်ဆီးအသင်းကို အလဲထိုးပြီး အက်အေဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ လက်စတာစီးတီးအသင်းဟာ နွေစျေးကွက်အတွင်းမှာတော့ ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်သွက်သွက် လုပ်ဆောင်လျက်ရှိနေသလို အခုလည်း ပြင်သစ်လီဂူးချန်ပီယံ လိုင်လီကွင်းလယ်ကစားသမား ဆူမာရေးကို ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Football365

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ဆူမာရေးဟာ လိုင်လီအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကိုလည်း ဆယ်စုနှစ်တစ်ခုလောက် ဝေးကွာလျက်ရှိနေတဲ့ လီဂူးချန်ပီယံဆုကို ပြန်လည်ရယူနိုင်အောင်ပါ အဓိကစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ လိုင်လီအသင်းအတွက် ပြိုင်ပွဲစုံ(၄၃)ပွဲအထိကို ပါဝင်ကစားခဲ့ပြီး အသင်းရဲ့ ကွင်းလယ်ခံစစ်ပိုင်းနေရာမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဆူမာရေးကို ဥရောပထိပ်တန်း ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူချင်နေကြပြီး ဒီအသင်းတွေအားလုံးထဲကမှ လက်စတာအသင်းက ဆူမာရေးကို လက်ဦးမှု ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : United in Focus

ပြင်သစ်အခြေစိုက် La Voix des Sports သတင်းမီဒီယာရဲ့ ဖော်ပြချက်များအရ ဆူမာရေးဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ လက်စတာအသင်းနဲ့ ဆေးစစ်မှုတွေကို ခံယူသွားတော့မှာဖြစ်ပြီး လက်စတာ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ ဖော်ပြလို့ထားပြီး အသင်းနဲ့လည်း (၅)နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရှိရပါတယ်။ ဆူမာရေးဟာ ပရီးမီးယားလိဂ် ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့ဖူးပြီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့လို အသင်းကြီးတွေနဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။ လက်စတာအသင်းနဲ့ကတော့ ပြီးခဲ့တဲ့ မေလလောက်ကတည်းက အပြောင်းအရွှေ့သတင်းတွေ စတင်ထွက်ပေါ်ခဲ့တာဆိုပေမယ့် လက်စတာဘက်က ဆူမာရေးကို လွန်ခဲ့တဲ့ ဇန်နဝါရီလကတည်းက ခေါ်ယူချင်ခဲ့တာဖြစ်ပြီး လိုင်လီဘက်ကလည်း အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် အသင်းကနေ ရောင်းထုတ်ချင်ခဲ့ပေမယ့် ရာသီဝက်လို အခြေအနေမျိုးမှာ မရောင်းချချင်ခဲ့လို့ နွေစျေးကွက်ရောက်မှ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ကို ဆက်လက်လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတချို့ သုံးသပ်ထားတာကတော့ ဖြစ်မြောက်လာဖို့ လုံးဝသေချာနေကြောင်းနဲ့ တကယ်လို့ တစ်ခုခုကြောင့် မဖြစ်မြောက်လာခဲ့ရင်သာ သူတို့အတွက် အံ့အားသင့်ရလိမ့်မယ်လို့ ပြောဆိုထားကြပါတယ်။