ဘောလုံးသမားကောင်းတွေ များထွက်ပေါ်လျက်ရှိနေတဲ့ ပြင်သစ်လီဂူးကလပ် လိုင်လီအသင်းကတော့ ပြီးခဲ့တဲ့ စျေးကွက်တွေအတွင်း အီဒင်ဟာဇက် နီကိုလပ်စ်ပေပေတို့လို ထိပ်တန်းကစားသမားတွေကို ရောင်းချခဲ့သလို ဒီနှစ်နွေစျေးကွက်အတွင်းမှာလည်း တိုက်စစ်ကစားသမား ဗစ်တာအိုဆီမန်နဲ့ နောက်ခံလူ ဂါဘရီရယ်မက်ဂါလက်စ်တို့နှစ်ဦးကိုပါ အသင်းကနေ ထုတ်ရောင်းထားခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း လိုင်လီအသင်းဟာ နောက်ထပ်ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ ဘူဘကာရီဆူမာရေးကိုပါ ထပ်မံဆုံရှံးရဖို့ နီးစပ်လျက်ရှိလို့နေပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်ရှိ ပြင်သစ်ကွင်းလယ်နောက်ခံလူ ဆူမာရေးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ဖော်ပြသထားနိုင်ခဲ့လို့ ဥရောပထိပ်တန်းကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံယူရရှိလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကပဲ ဆူမာရေးကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းကနေ ခေါ်ယူဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့သေးပြီး ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့်သာ အပြောင်းအရွှေ့အထမမြောက်ခဲ့ရတာဖြစ်ပါတယ်။ လတ်တလောမှာလည်း ဆူမာရေးကို လီဗာပူးလ် အာဆင်နယ် ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေအပြင် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကပါ အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။

Photo Credit : Goal

လိုင်လီအသင်းက ဒီနှစ်နွေစျေးကွက်မှာ အိုဆီမန်ကို နာပိုလီအသင်းဆီ ရောင်းချထားခဲ့သလို ဘရာဇီးနောက်ခံကစားသမား ဂါဘရီရယ်ကိုလည်း အာဆင်နယ်အသင်းဆီ ရောင်းချထားခဲ့ပြီးနောက် အသင်းရဲ့နောက်ထပ်ကြယ်ပွင့်ဖြစ်တဲ့ ဆူမာရေးအတွက်ကိုလည်း ထိုက်တန်တဲ့ ကမ်းလှမ်းမှုသာ ရရှိလာခဲ့မယ် ကစားသမားဘက်ကနေလည်း အသင်းကနေ ထွက်ခွာချင်တယ်ဆို ရောင်းထုတ်သွားမှာဖြစ်တယ်လို့ လိုင်လီအသင်း ဥက္ကဌဘက်ကနေ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ပြင်သစ်နဲ့ဆီနီဂေါနွယ်ဖွား ကွင်းလယ်ခံစစ်ကစားသမား ဆူမာရေးဟာ ပီအက်စ်ဂျီလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားလေးတစ်ယောက်ဖြစ်ကာ ၂၀၁၇ခုနှစ်မှ လိုင်လီအသင်းကို ရောက်ရှိလာပြီး အချိန်တိုလေးအတွင်းမှာပဲ လိုင်လီရဲ့အမာခံ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံလာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ပြင်သစ်ယူ-၂၁အသင်းအတွက် ရွေးချယ်ခံထားရတဲ့ ဆူမာရေးကို ပရီးမီးယားလိဂ်အသင်းတွေကနေ အပြိုင်ပစ်မှတ်ထားနေပြီး မကြာခင်မှာပဲ သူရဲ့အသင်းသစ်ကို ရွေးချယ်သွားဖွယ် ရှိနေပါတယ်။