ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ကာရာဘောင်းလိဂ်ဖလား တတိယအဆင့်ပြိုင်ပွဲအတွင်းမှာ မန်စီးတီးအသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့တဲ့ အကယ်ဒမီထွက် လူငယ်တိုက်စစ်ကစားသမားလေး လီယန်ဒီလက်ပ်ဟာ စီနီယာအသင်းနဲ့ ပွဲဦးထွက်ရတဲ့ ပထဆုံးပွဲစဉ်မှာပဲ ပထမဆုံးသွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သလို အခုလည်း အသင်းမှာ အဓိကတိုက်စစ်ကစားသမားတွေ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရလို့ လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီလက်ပ်ကို မန်စီးတီးဘက်ကနေ စတင်သုံးစွဲလာနိုင်ပါတယ်။

Photo Credit : Independent

အသက်(၁၇)နှစ်အရွှယ်သာရှိသေးတဲ့ အင်္ဂလန်ယူ-၁၇ တိုက်စစ်ကစားသမား ဒီလက်ပ်ဟာ ဘောလုံးမျိုးရိုးကနေ ဆင်းသက်လာခဲ့သူဖြစ်ပြီး တချိန်က စတုတ်စီးတီးအသင်းမှာ လက်ပြစ်ဘောတွေကနေ သွင်းဂိုးတွေရယူနိုင်ခဲ့တဲ့အထိ စွမ်းဆောင်ပေးခဲ့တဲ့ ရိုဝီဒီလက်ပ်ရဲ့သားဖြစ်ပါတယ်။ ဒီလက်ပ်ဟာ ၂၀၁၉ခုနှစ်ကမှ ဒါဘီကောင်တီလူငယ်အသင်းကနေ မန်စီးတီးလူငယ်အကယ်ဒမီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာပဲ မန်စီးတီးစီနီိယာအသင်းအတွက် ပထမဆုံး ကစားခွင့်ရခဲ့သလို အဲ့ဒီပွဲမှာလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : BBC

လက်ရှိအချိန်မှာ မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးနဲ့ ဂါဘရီရယ်ဂျေဆူးတို့နှစ်ယောက်လုံးဟာ ဒဏ်ရာပြသာနာကိုယ်စီနဲ့ ရင်ဆိုင်နေရတာမို့ နည်းပြပတ်ဂွာဒီယိုလာအနေနဲ့ လက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ ဒီလက်ပ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။ ဒိတ်ဒိတ်ကြဲကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ မန်စီးတီးလို အသင်းမျိုးမှာ အသက်(၁၇)နှစ်အရွှယ်သာရှိတဲ့ ဆယ်ကျော်သက်ကစားသမားလေး ဒီလက်ပ်အနေနဲ့ နေရာရဖို့က မလွယ်ကူပေမယ့် အခုလို ရှားရှားပါးပါးရတဲ့ အခွင့်အရေးကိုတော့ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ လတ်တလောမှာတော့ မန်စီးတီးအသင်းဟာ ကစားသမားတွေများစွာ ဒဏ်ရာပြသာနာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ပြသာနာတွေနဲ့ ရင်ဆိုင်နေရတာမို့ စီနီယာကစားသမား(၁၃)ယောက်သာ ကြံခိုင်မှုပြည့်ဝနေတယ်လို့ ဂွာဒီယိုလာကိုယ်တိုင် ပြောဆိုထားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ လက်စတာအသင်းနဲ့ အယ်တီဟတ်ကွင်းအတွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး (၂)ပွဲဆက် နိုင်ပွဲရဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။