MySport Myanmar

လီဝန်ဒေါစကီး အင်္ဂလန်ကို ပြောင်းရွှေ့ကစားခြင်း မရှိတဲ့ အဓိက အကြောင်းအရင်း

ဒီနှစ်နွေဈေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ သေချာပေါက်ကို ထွက်ခွာသွားတော့မယ့် ပိုလန်ဂိုးမုဆိုးကြီး ရောဘတ်လီဝန်ဒေါစကီးအနေနဲ့ သူ့ကို ဥရောပလိဂ်ပြိုင်ပွဲများစွာရဲ့ ကလပ်အသင်းများစွာကနေ အလိုရှိနေကြပေမယ့်လည်း လီဝန်ဒေါစကီးကိုယ်တိုင်က အင်္ဂလန်ကလပ်အသင်းတွေဆီကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိရတဲ့ အကြောင်းအရင်းကို ကစားသမားရဲ့ အေးဂျင့်ဟောင်းဖြစ်သူက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၄)နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကတည်းက ဘိုင်ယန်နဲ့ လက်တွဲခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ချင်နေပြီး သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဘာစီလိုနာနဲ့အတူ ချယ်လ်ဆီးနဲ့ မန်ယူတို့ကလည်း ခေါ်ယူချင်နေပေမယ့် ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ် ကလပ်အသင်းတွေထက် ဘာစီလိုနာအသင်းဆီကိုသာပဲ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit : Goal

လီဝန်ဒေါစကီးအနေနဲ့ အင်္ဂလန်နိုင်ငံရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားဖို့ ဆန္ဒမရှိရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး လီဝန်ဒေါစကီး အေးဂျင့်ဟောင်းက “အင်္ဂလန်မှာ မိုးအရမ်းရွာလို့ဆိုတဲ့ ရောဘတ်ရဲ့ ကလေးဆန်ဆန် အကြောင်းပြချက်ကို ကျွန်တော် အမြဲတမ်း ကြားခဲ့ရဖူးပါတယ်။ ဒါပေမယ့် တကယ့်အကြောင်းအရင်းကတော့ ဂျာမနီမှာလောက် ထိရောက်မှု ရှိနိုင်မယ်လို့ မထင်မိတာကြောင့်လို့ပဲ ဖြစ်မှာပါ။ ရောဘတ်က အဲ့ဒါကို တကယ်ကြောက်နေခဲ့တာ။ ပီအက်စ်ဂျီလား။ ရောဘတ်ရဲ့ဇနီးကိုယ်တိုင်က ပဲရစ်မြို့မှာ မနေထိုင်ချင်တာကြောင့် အရင်တုန်းကတည်းက ပီအက်စ်ဂျီနဲ့ ညှိနှိုင်းခွင့်ကို မရခဲ့ဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန်ရဲ့ ရာသီဥတုကို သဘောမကျခဲ့တဲ့ လီဝန်ဒေါစကီးဟာ သူရဲ့အသင်းဟောင်း ဒေါ့မွန်အသင်းဆီ မရောက်ရှိခင်မှာပဲ ပရီးမီးယားလိဂ် အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဘလက်ဘန်းအသင်းဆီကို ပြောင်းရွှေ့ဖို့တောင် အလွန်နီးစပ်ခဲ့ဖူးပြီး မမျှော်လင့်တဲ့ အကြောင်းအရာတွေကြောင့် ပိုလန်ကလပ် လက်ချ်ပေါဇန်ကနေ အင်္ဂလန်ကို ရောက်လာဖို့ရော ဘလက်ဘန်းရဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကြောင့်ပါ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရတာ ဖြစ်ပါတယ်။

Exit mobile version