MySport Myanmar

လီဝန်ဒေါစကီးက အသင်းမှာပဲ ဆက်လက်ရှိနေလိမ့်မယ်လို့ ဘိုင်ယန်ဘက်က အတည်ပြု

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ပိုလန်တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးဟာ လာမယ့်နွေမှာ အသင်းနဲ့ လမ်းခွဲပြီး ကလပ်အသင်းသစ် တစ်သင်းဆီကို ပြောင်းရွှေ့သွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘိုင်ယန်ရဲ့ အားကစားဒါရိုက်တာက သူတို့ကစားသမားအနေနဲ့ လာမယ့်နွေလည်း အသင်းမှာသာ ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးဟာ လာမယ့်စျေးကွက်ထဲ ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ပြီး အသင်းပြောင်းဖို့ စီစဉ်နေသလို လီဝန်ကိုလည်း ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလို့နေပါတယ်။ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၃ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်လို့ လာမယ့်ဘောလုံးရာသီ ရောက်တာနဲ့ လီဝန်ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိရတော့ဖြစ်ပြီး ဒီကြားထဲ ဘိုင်ယန်ဘက်က လီဝန်ကိုသာ သက်တမ်းမတိုးနိုင်ခဲ့ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : CNA

ဒီလို အခြေအနေမျိုး ရှိနေတဲ့ လီဝန်ကို ဘာစီလိုနာဘက်က ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့ပြီး ယူနိုက်တက်ကလည်း လီဝန်ရဲ့ အခြေအနေကို စောင့်ကြည့်လို့နေပေမယ့် ဘိုင်ယန်ရဲ့ အားကစား ဒါရိုက်တာကတော့ လီဝန်အနေနဲ့ ဒီနွေစျေးကွက်ထဲ အသင်းနဲ့ လမ်းခွဲသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်ဒါရိုက်တာက “ဘာစီလိုနာက လီဝန်ဒေါစကီးအတွက် ယူရိုသန်း(၄၀-၅၀)လောက်နဲ့ ကမ်းလှမ်းမယ်ဆိုရင် ရောင်းချမလားဆိုတော့ မရောင်းချပါဘူး။ သူရဲ့စာချုပ်ကလည်း ၂၀၂၃ခုနှစ်အထိကို သက်တမ်းရှိနေပါတယ်။ လီဝန်ဒေါစကီးကို ပရိသတ်တွေက ချစ်မြတ်နိုးကြသလို အသင်းကလည်း သူ့ကို အလွန်တန်ဖိုးထားပါတယ်။ ဒါပေမယ့် သူက ကလပ်အသင်းရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမားပါ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ငွေကြေးအခြေအနေကို ပြန်ကြည့်ရပါမယ်။ ကျွန်တော်တို့ လီဝန်နဲ့ စကားပြောထားပါတယ်။ သူ့အေးဂျင့်နဲ့လည်း စကားပြောဦးမှာပါ။ ကျွန်တော်တို့ မညှိနှိုင်းရသေးပါဘူး။ ဒါပေမယ့် အခုတော့ လုပ်ဆောင်သွားပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version