ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီး ကတော့ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးနေကြောင်း သိရပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း အတွက် နောက်ဆုံးနှစ်ရာသီ အတွင်းမှာ သွင်းဂိုး ၆၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သူပါ။

Photo Credit: Bein Sports

ဒါကြောင့်လည်း လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တာကြောင့် လာမယ့် ၂၀၂၂ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို လျှော့ဈေးနဲ့ ဝယ်ယူနိုင်ဖို့ ရှိနေပါတယ်။

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဝမ်ဒေါစကီးဟာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးမသတ်မီမှာ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာကာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်နေပြီး ကမ္ဘာ့အကောင်းဆုံးလိဂ် အဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ သွားရောက် ကစားဖို့ စိတ်ကူးနေကြောင်း သိရပါတယ်။

Photo Credit: Bein Sports

လီဝမ်ဒေါစကီးနဲ့ နီးစပ်တဲ့လူတွေကလည်း လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ မရှိတော့ကြောင်း အတည်ပြုပေးထားကြသလို သူ့ရဲ့ အေးဂျင့်ဖြစ်သူက လက်ရှိမှာ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ စီးတီးတို့နဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါတယ်။

ဘွန်ဒက်လီဂါရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး စိတ်ချရတဲ့ သတင်းထောက် ဖြစ်သူ ခရစ်ဆန် ဖော့ခ် ကတော့ လီဝမ်ဒေါစကီးဟာ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ မန်ချက်စတာ စီးတီးအသင်းကလည်း ဟာလန်းကို မခေါ်ယူနိုင်ပါက လီဝမ်ဒေါစကီးကို အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း ယနေ့မနက်ပိုင်းမှာပဲ အတည်ပြုပေးခဲ့ပါတယ်။