စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၀-၃ ဘိုင်ယန်မြူးနစ် ပွဲအပြီးမှာ သူ့အသင်းဟောင်း ဘိုင်ယန်မြူးနစ်ရဲ့ အဝတ်လဲခန်းထဲ သွားမိလို့ ဘာစီလိုနာပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် ပိုလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘိုင်ယန်မြူးနစ် ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ဒီရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၇ဂိုး သွင်းယူပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: AS English

 

ယနေ့မနက် အစောပိုင်းမှာတော့ လီဝမ်ဒေါစကီးရဲ့ ဘာစီလိုနာက အိမ်ကွင်း နူးကမ့်မှာ သူ့ရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်ကို ဧည့်ခံ ကစားခဲ့ရာ ဧည့်သည် ဘိုင်ယန်မြူးနစ်က အိမ်ရှင် ဘာစီလိုနာထက် ခြေစွမ်းပိုင်းအရ သိသိသာသာ အသာစီး ရရှိခဲ့ပြီး မာနေး ၊ ချူပိုမိုတင် ၊ ပါဗတ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

ဘာစီလိုနာ ၀-၃ ဘိုင်ယန်မြူးနစ် ပွဲအပြီးမှာတော့ လီဝမ်ဒေါစကီးက သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ရှိရာ ဘိုင်ယန်မြူးနစ်ရဲ့ အဝတ်လဲခန်းထဲကို သွားရောက်ကာ ဘိုင်ယန်မြူးနစ် ကစားသမားတွေကို နှုတ်ဆက်ခဲ့ပြီး ဘာစီလိုနာရဲ့ ပရိသတ်တွေကတော့ အသင်းက ဂိုးပြတ်ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရချိန်မှာ တဖက်အသင်းရဲ့ အဝတ်လဲခန်းထဲ သွားရောက်ခဲ့တဲ့ လီဝမ်ဒေါစကီးကို ဒေါသထွက်နေကြပါတယ်။

Photo Credit: AS English

ဘာစီလိုနာ ပရိသတ်တွေက ဘိုင်ယန်မြူးနစ်ရဲ့ အဝတ်လဲခန်းထဲကို သွားခဲ့တဲ့ လီဝမ်ဒေါစကီးအား “သူ့ရဲ့ အဆုံးသတ် မသေချာမှုတွေကြောင့် အခုလို ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကိုတောင် ကိုယ့်အပြစ်ကိုယ် မသိသေးတဲ့ကောင်” ၊ “ဒီကောင်က ငါတို့အသင်းဆီ စပိုင်လုပ်ဖို့ ရောက်လာများလား” ၊ “လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ဆီ ပြန်သွားချင်နေတာလား ၊ ဒီလိုကောင်မျိုးတွေကို အစောကြီးထဲက မလိုချင်ခဲ့ဘူး” ၊ “ပါလ်ဇန်နဲ့ပွဲမှာ ဒီကောင်သာ ရလာတဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့ရင် ငါတို့တွေ ဒီလိုမျိုး ပြိုင်ပွဲကနေ ထွက်ရမှာ မဟုတ်ဘူး” ၊ “အသင်းကနေ ထွက်သွား လျှာနှစ်ခွနဲ့ကောင်” စတဲ့ မှတ်ချက်တွေနဲ့အတူ လူမှုကွန်ယက် စာမျက်နှာတွေပေါ် ကနေ တဆင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ် ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဘာစီလိုနာနဲ့အတူ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။