မကြာသေးမီကမှ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကနေ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တဲ့ ပိုလန်တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကတော့ သူဟာ ဘာစီလိုနာဆီ ဆုဖလားတွေ အများအပြား ရယူဖို့ ရောက်ရှိလာခဲ့တာပါလို့ ဘာစီလိုနာ ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။

Photo Credit: Marca

လီဝမ်ဒေါစကီးက သာမန် ဘောလုံးသမား တဦးရဲ့ နေဝင်ချိန်လို့ ပြောရမယ့် အသက်အရွယ်ကို ရောက်နေပေမယ့် လက်ရှိအချိန်အထိ အကောင်းဆုံး ကြံ့ခိုင်မှုနဲ့ ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားဆဲ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ခဲ့မှုက ဘာစီလိုနာအတွက် ယခု နွေဈေးကွက် အတွင်းမှာ အကောင်းဆုံး ခေါ်ယူမှု အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။

လီဝမ်ဒေါစကီးကလည်း သူဟာ စပိန်မြေမှာ ကစားချင်တဲ့ စိတ်ကူးရှိတာကြောင့် ယခုလိုမျိုး ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဘာစီလိုနာဆီ မပြောင်းရွှေ့မီမှာ အသင်းရဲ့နည်းပြ ဇာဗီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို သူ့ရဲ့ ရည်မှန်းချက်က ဘာစီလိုနာနဲ့အတူ ဆုဖလားပေါင်းများစွာ အရယူဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

လီဝမ်ဒေါစကီးက – “ကျွန်တော်က ဘာစီလိုနာဆီ ဆုဖလားတွေ အရယူဖို့ ရောက်ရှိလာတာပါ။ ကျွန်တော်က အမြဲတမ်းလိုလို ဆုဖလားတွေ ရယူချင်တဲ့ ကစားသမား တဦး ဖြစ်သလို ဘာစီလိုနာနဲ့အတူ ဆုဖလားတွေ ရယူနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။ ဇာဗီနဲ့အတူဆိုရင် ကျွန်တော်တို့ ဆုဖလားတွေ အများကြီး ရယူနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဇာဗီက ဘာစီလိုနာရဲ့ အကြောင်းကို ထဲထဲဝင်ဝင် သိသလို သူက ထိပ်တန်း ကစားသမား တဦး ဖြစ်ခဲ့သူပါ။ ဒါကြောင့် ကျွန်တော်တို့အသင်းမှာ ကြီးမားတဲ့ အနာဂတ်တွေ ရှိနေပြီး ကျွန်တော်ကတော့ အသင်းရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်သွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။