ယခု နွေဈေးကွက် အတွင်းမှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကနေ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေတဲ့ လီဝမ်ဒေါစကီးက ဘာစီလိုနာဆီသာ မပြောင်းရွှေ့နိုင်ခဲ့ရင် ဘိုင်ယန်မြူးနစ်မှာ ဆက်နေဖို့ထက် ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း ဂျာမန် နာမည်ကြီး သတင်းထောက် ခရစ်ရှန် ဖော့ခ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် လီဝမ်ဒေါစကီးကတော့ ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ပဲ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ လီဝမ်ဒေါစကီးက စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ဘာစီလိုနာကလည်း သူ့ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် ဘာစီလိုနာဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ဘိုင်ယန်မြူးနစ်က လီဝမ်ဒေါစကီး အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို တလုံးတခဲထဲ ပေးချေရမယ် ဆိုတဲ့ အချက်ကို မလိုက်လျောနိုင်ပဲ ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီး တယောက် ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်ဖို့ ခက်ခဲနေပြီး လီဝမ်ဒေါစကီးကတော့ ဘာစီလိုနာဆီ မပြောင်းနိုင်ခဲ့ရင်တောင် ဘိုင်ယန်မြူးနစ်မှာ ဆက်မနေဖို့ ဆုံးဖြတ်ထားတာကြောင့် ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်သွားရင် ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း ဖော့ခ်က ဆိုပါတယ်။

Photo Credit: Goal

နာမည်ကြီး ဂျာမန်သတင်းထောက် ဖော့ခ်ရဲ့ အဆိုအရ လီဝမ်ဒေါစကီးက ဘာစီလိုနာနဲ့သာ ဆွေးနွေးမှုတွေ လုပ်ထားပေမယ့် ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့က သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပြီး လီဝမ်ဒေါစကီးဟာ ဘာစီလိုနာနဲ့သာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရင် ဘိုင်ယန်မြူးနစ်မှာ ဆက်နေတာ ၊ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့တာထက် သူ့ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။