ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီး ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းခံထားကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့သလို အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချထားသူပါ။

Photo Credit: Standard

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ဘိုင်ယန်မြူးနစ် ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို လက်မလွှတ်လိုပဲ လက်ကျန် စာချုပ်သက်တမ်း ၁နှစ် ကုန်ဆုံးတဲ့ အထိ လီဝမ်ဒေါစကီးကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် လီဝမ်ဒေါစကီးက သူဟာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချထားတာကြောင့် အသင်းအနေနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စရပ်ကို လုပ်ဆောင်ဖို့ လိုအပ်ပြီး သူက အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ထားကြောင်းပါ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုဖ်ဘက် ၂-၂ ဘိုင်ယန်မြူးနစ် ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

လီဝမ်ဒေါစကီးက – “ကျွန်တော်က ဟက်ဆန်နဲ့ စကားပြောခဲ့ပြီးသလို ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က ဘာလဲ ဆိုတာကိုပါ ပြောပြခဲ့ပါတယ်။ ကျွန်တော်က အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ပါဘူး။ ဒါက ကျွန်တော့်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့ နှစ်ဖက်စလုံး အနာဂတ်အတွက် သေချာ စဉ်းစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေက နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိမယ့် ဆုံးဖြတ်ချက် တခုကို ချမှတ်ဖို့ လိုအပ်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာနဲ့ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီတို့က လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။