စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရော်ဘတ် လီဝန်ဒေါစကီးကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရလို့ မပျော်ရွှင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ပိုလန် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ယခုနှစ်ရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Marca

လီဝန်ဒေါစကီးက ဘာစီလိုနာဆီ ရောက်ခါစမှာပဲ အသင်းနဲ့ ချက်ချင်း အထိုင်ကျခဲ့သလို သွင်းဂိုးပေါင်း များစွာကိုလည်း သွင်းယူပေးထားနိုင်ပေမယ့် သူဟာ ဘာစီလိုနာကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ကနေ လွန်မြောက်အောင် ကူညီနိုင်ခဲ့ခြင်း မရှိပဲ သူ့ရဲ့ ဘာစီလိုနာဟာ ချန်ပီယံလိဂ် အုပ်စု(C)မှာ ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်တို့နောက် တတိယနေရာသာ ရခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ မတက်နိုင်ခဲ့ပဲ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ကနေ ထွက်ခွာခဲ့ရတဲ့ အတွက် အတော်ကို စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီး လီဝန်ဒေါစကီးကလည်း သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ အစောကြီး ထွက်ခဲ့ရတဲ့ အတွက် မပျော်ရွှင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Marca

လီဝန်ဒေါစကီးက – “ကျွန်တော်က ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတဲ့ အတွက် မပျော်ပါဘူး။ ဒါက သေချာပါတယ်။ ဘာစီလိုနာလို အသင်းမျိုးက အနိမ့်ဆုံး ၁၆သင်းအဆင့်ဆီ တက်လှမ်းနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာစီလိုနာဆီ မလာခင်ကတည်းက ကျွန်တော့်ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ အခက်အခဲတွေ ရှိလိမ့်မယ် ဆိုတာကို ကြိုတွေးထားပြီးသားပါ။ ကျွန်တော်တို့အသင်းက တည်ဆောက်နေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က အချိန်ယူရမယ်။ စိတ်ရှည်ရပါမယ်။ အခုလို ကျရှုံးမှုက လာမယ့်ရာသီတွေမှာ ကျွန်တော်တို့ အသင်းအတွက် တွန်းအားတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။