လာမယ့်တစ်ပတ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်း Parc des Princes မှာ ကျင်းပသွားမယ့် ပီအက်စ်ဂျီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ဥရောပချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ပထမအကျော့ပွဲစဉ်မှာကတည်းက ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ ဘိုင်ယန်အသင်းရဲ့ အဓိက ဂိုးသွင်းစက်ကြီးဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီး ထပ်မံလွဲချော်ရဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးဟာ ပိုလန်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ လိုက်ပါကစားရင်းနဲ့ ဒူးဒဏ်ရာရသွားခဲ့တာကြောင့် လိုက်ပ်ဇစ်နဲ့ ကစားခဲ့ရတဲ့ ဘွန်ဒစ်လီဂါပွဲ ပီအက်စ်ဂျီနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲတွေကို ဆက်တိုက်လွဲချော်ခဲ့ရတဲ့အပြင် ပြင်သစ်မြေမှာ ထပ်မံယှဉ်ပြိုင်ရဦးမယ့် ချန်ပီယံလိဂ် ကွာတား ဒုတိယအကျော့ပွဲစဉ်ကိုပါ ထပ်ပြီးလွဲချော်ရတော့မှာဖြစ်လို့ ဒါဟာ ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်အသင်းအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာတော့မှာ သေချာပါတယ်။

Photo Credit : Goal

မနေ့ညက ဂျာမန်မြေမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဧည့်သည်ပီအက်စ်ဂျီအသင်းက တိုက်စစ်မှူးကီလီယန်အမ်ဘာပေရဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင်ဘိုင်ယန်ကို (၂)ဂိုး(၃)ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘိုင်ယန်အသင်းက ဂိုးကန်ချက်ပေါင်း (၃၁)ကြိမ်အထိကို လုပ်ဆောင်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်ကန်ချက် (၁၂)ကြိမ်အထိ ရှိခဲ့ပေမယ့်လည်း ဘိုင်ယန်ဘက်ကနေ သွင်းဂိုး(၂)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ကျန်တဲ့ Shot on Targets မှန်သမျှကို ပီအက်စ်ဂျီဂိုးသမား ကေလာနာဗက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်ဘက်က လီဝန်ဒေါစကီး ပါဝင်လာခဲ့မယ်ဆိုရင် ပွဲရလဒ်က တနည်းတဖုံ ပြောင်းလဲသွားနိုင်ပေမယ့် လီဝန်ဒေါစကီးက ပထမအကျော့အပြင် နောက်ထပ်ဒုတိယအကျော့ကိုပါ ဆက်တိုက်လွဲချော်ရဦးမှာဖြစ်လို့ ဘိုင်ယန်ရဲ့ ဆီမီးဖိုင်နယ် တတ်လှမ်းနိုင်ရေးက ခက်ခဲရနိုင်ပါတယ်။ လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၃၆)ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးပေါင်း (၄၂)ဂိုး သွင်းယူနိုင်ခဲ့သလို ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်ရယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပေမယ့် ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ဆုဖလားကို ထပ်မံရယူဖို့ကတော့ အတော်လေး ခက်ခဲဖွယ် ရှိနေပါတယ်။