ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီး ကတော့ သူဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်တဲ့ ရွှေဘောလုံးဆုကို မရခဲ့ပေမယ့် သူ ဆွတ်ခူးနိုင်ခဲ့တဲ့ The Bestဆုက ရွှေဘောလုံးဆုထက် ပိုပြီး တန်ဖိုးရှိတဲ့ ဆုတခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် အကောင်းဆုံးပုံစံတွေကို ပြသနိုင်ခဲ့ပြီး အဆိုပါနှစ်ရာသီရဲ့ အကောင်းဆုံး ကစားသမား အဖြစ်ပါ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ သတ်မှတ်ခြင်းကိုပါ ခံခဲ့ရသလို ဖီဖာက ပေးအပ် ချီးမြှင့်တဲ့ The Bestဆုကိုလည်း ၂နှစ် ဆက်တိုက် ရရှိထားပါတယ်။

Photo Credit: Express

ဒါပေမယ့် လီဝမ်ဒေါစကီးဟာ ကမ္ဘာ့ဘောလုံးလောကမှာ အရှိန်အဝါ ကြီးမားတဲ့ ရွှေဘောလုံးဆုကိုတော့ တခါမှ မရဖူးသေးပဲ ရွှေဘောလုံးဆုကို ပေးအပ် ချီးမြှင့်တဲ့ France Football Organizationက ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို အကြောင်းပြကာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို ပေးအပ် ချီးမြှင့်ခြင်း မရှိခဲ့သလို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်တဲ့ ရွှေဘောလုံးဆုကိုလည်း ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ရရှိသွားခဲ့ပါတယ်။

ယခင်က France Football Organizationနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာတို့ဟာ ပူးပေါင်းပြီး ရွှေဘောလုံးဆုကို တနှစ်တာရဲ့ အကောင်းဆုံး ကစားသမားဆု အဖြစ် သတ်မှတ်ကာ ပေးအပ် ချီးမြှင့်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဖီဖာက သီးခြားခွဲထွက်ကာ The Best Award ဆိုပြီး အကောင်းဆုံး ကစားသမားဆုပေးပွဲကို သီးသန့် ထပ်လုပ်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဘောလုံးလောကမှာ တနှစ်တာ အကောင်းဆုံး ကစားသမား ဆုပေးပွဲက ၂ခု အထိ ရှိလာခဲ့ပြီး လီဝမ်ဒေါစကီး ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ ဖီဖာက ပေးအပ် ချီးမြှင့်တဲ့ The Bestဆုကသာ အကောင်းဆုံး ကစားသမားဆု အဖြစ် ခံယူထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဝမ်ဒေါစကီးက – “ကျွန်တော်ကတော့ ရွှေဘောလုံးဆုနဲ့ The Bestဆု နှစ်ခုမှာ ဖီဖာက ပေးအပ် ချီးမြှင့်တဲ့ The Bestဆုကသာ ပိုပြီး တန်ဖိုးရှိတယ်လို့ ခံယူထားပါတယ်” ဆိုပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။