မကြာသေးမီကမှ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကနေ စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တဲ့ ပိုလန်ကြယ်ပွင့် တိုက်စစ်မှူး လီဝမ်ဒေါစကီးက သူတို့အသင်းဟာ လာမယ့် ရာသီသစ်မှာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်စွမ်း အပြည့် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ် ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Marca

ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ လီဝမ်ဒေါစကီး အပါအဝင် ခရစ်တန်ဆန် ၊ ကတ်ဆီး ၊ ရာဖင်ဟာ စတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူထားနိုင်သလို ခံစစ်ပိုင်း အတွက် အက်စ်ပီလီကွီတာ ၊ အလွန်ဆိုနဲ့ ခွန်ဒေတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

ဒါကြောင့်ပဲ ယခုနှစ် နွေဈေးကွက် ပြီးဆုံးချိန်မှာ ဘာစီလိုနာရဲ့ ကစားသမား အင်အားက ဥရောပရဲ့ ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်နိုင်တဲ့ အနေအထား အထိ ရောက်ရှိသွားနိုင်ပြီး လာမယ့်ရာသီမှာ ဘာစီလိုနာရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်မယ့် လီဝမ်ဒေါစကီးကလည်း သူတို့အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ် ဆုဖလား အပါအဝင် ဆုဖလား အားလုံးကို စိန်ခေါ်နိုင်စွမ်း အပြည့် ရှိကြောင်း ဆိုလာပါတယ်။

Photo Credit: Marca

လီဝမ်ဒေါစကီးက – “ဘာစီလိုနာက ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်း ရှိတဲ့ အသင်းလား? ဒါပေါ့။ ဘာစီလိုနာမှာ ရှိနေရင် ခင်ဗျားက ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ အမြဲတမ်း တွေးနေမိပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ လူစာရင်းနဲ့ ဆိုရင် ကျွန်တော်တို့က ဆုဖလားတွေ အားလုံးကို စိန်ခေါ်နိုင်စွမ်း အပြည့် ရှိပါတယ်။ ရာသီသစ်မှာ ကျွန်တော်တို့က ပြီးခဲ့တဲ့ ရာသီတုန်းကထက် ပိုကောင်းလာမယ် ဆိုတာ သေချာပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။