ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၄-၀ ဝုဖ်ဘက်ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဂျာမဏီ ဂန္တဝင် တိုက်စစ်မှူးကြီး ဂတ်မူလာရဲ့ ပြက္ခဒိန်နှစ် ၁နှစ် အတွင်း ဘွန်ဒက်လီဂါ သွင်းဂိုး အများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်း ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး အသင်းခေါင်းဆောင် လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်သလို လက်ရှီ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Bild

ဝုဖ်ဘက်အသင်းနဲ့ ပွဲစဉ်ဟာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ၂၀၂၁ခုနှစ်မှာ ကစားရမယ့် နောက်ဆုံး ဘွန်ဒက်လီဂါပွဲစဉ် ဖြစ်ပြီး အဆိုပါပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အူပါမီကာနို ၊ လီဝမ်ဒေါစကီး ၊ ဆာနေး ၊ သောမတ်မူလာတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ် နိုင်ပွဲတပွဲ ရခဲ့ပြီး ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ရာသီဝက် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်း အတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လီဝမ်ဒေါစကီးရဲ့ ၂၀၂၁ခုနှစ် အတွင်း သွင်းယူနိုင်ခဲ့တဲ့ ဘွန်ဒက်လီဂါသွင်းဂိုး အရေအတွက်ဟာ ၄၃ဂိုး အထိ ရှိလာခဲ့ပြီး ဒီလို သွင်းဂိုးပမာဏကြောင့်လည်း လီဝမ်ဒေါစကီးက ဂတ်မူလာ(၄၂ဂိုး)ကို ကျော်ဖြတ်ကာ ပြက္ခဒိန်နှစ် ၁နှစ် အတွင်း ဘွန်ဒက်လီဂါသွင်းဂိုး အများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

Photo Credit: Bild

လီဝမ်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၀ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်ထားနိုင်သူလည်း ဖြစ်ပါတယ်။