ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်ဂိုးသွင်းစက်ကြီး ရောဘတ်လီဝန်ဒေါစကီးဟာ မနေ့ညက ဟာသာဘာလင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်အတွင်းမှာ ဘိုင်ယန်အသင်းအတွက် ဟက်ထရစ်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒီရာသီအတွင်း သူရဲ့ဘွန်ဒစ်လီဂါသွင်းဂိုးက (၅)ဂိုးအထိ ရှိလာခဲ့ရသလို ဘိုင်ယန်မြူးနစ်အတွက် သူ သွင်းယူထားနိုင်ခဲ့တဲ့ ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်းမှာလည်း သွင်းဂိုး(၃၀၁)ဂိုးအထိကို ရှိသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

Photo Credit : CDE News

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်ဝါရင့် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီကမှ ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘိုင်ယန်အသင်းနဲ့ ဘောလုံးရာသီ (၇)ရာသီ ဖြတ်သန်းခဲ့သလို ဘောလုံးရာသီတိုင်းမှာလည်း ပထမရာသီကလွဲပြီး လိဂ်သွင်းဂိုးကို အနည်းဆုံး ဂိုး(၂၀)လောက်အထိ သွင်းယူနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံသွင်းဂိုး (၄၈)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့သလို အခုလည်း ရာသီသစ်အစ (၄)ပွဲမှာပဲ (၇)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဘိုင်ယန်အတွက် သူသွင်းယူနိုင်ခဲ့တဲ့ ဘွန်ဒစ်လီဂါသွင်းဂိုး စုစုပေါင်းက (၃၀၀)ပြည့်သွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Yahoo! Sports

တကယ်တော့ ပိုလန်ဂိုးသွင်းစက် လီဝန်ဒေါစကီးဟာ အခုနွေစျေးကွက်အတွင်းမှာ အနာဂတ်အခြေအနေ လှုပ်ခတ်နေရသူဖြစ်ပြီး လက်ရှိမှာလည်း ပီအက်စ်ဂျီအသင်းနဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့အပြောင်းအရွှေ့ ကောလဟာလတွေက သူရဲ့ခြေစွမ်းအပေါ် သက်ရောက်မှု မရှိစေခဲ့ပဲ သွင်းဂိုးတွေကို ဆက်လက်သွင်းယူနိုင်မြဲ ဖြစ်နေပါတယ်။ မနေ့ညက ဟာသာဘာလင်အသင်းဘက်ကို သွင်းယူခဲ့တဲ့ သူရဲ့ဒုတိယမြောက် သွင်းဂိုးကတော့ သူရဲ့ဘိုင်ယန်ကစားသမားဘဝ ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်း (၃၀၀)အတိ ပြည့်မြောက်ခဲ့တဲ့ အမှတ်တရသွင်းဂိုး ဖြစ်စေခဲ့ပြီး ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ပါတယ်။ အခုဆိုရင် လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီ ဘွန်ဒစ်လီဂါ ဂိုးသွင်းအများဆုံးစာရင်းမှာလည်း သွင်းဂိုး(၅)ဂိုးနဲ့ ထိပ်ဆုံးနေရာကနေ ရပ်တည်လျက်ရှိနေပြီး ဒုတိယနေရာကို ရောက်ရှိနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းထက်ကို သွင်းဂိုး(၂)ဂိုး သာလွန်လျက် ရှိနေပါတယ်။ ဒါ့အပြင် လီဝန်ဒေါစကီးဟာ ဘွန်ဒစ်လီဂါမှာ ပြီးခဲ့တဲ့ရာသီကနေ လက်ရှိဘောလုံးရာသီအထိ (၁၃)ပွဲဆက်တိုက် လိဂ်သွင်းဂိုးတွေ သွင်းယူထားနိုင်ခဲ့ပြီး သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့ပါတယ်။