ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လီဝမ်ဒေါစကီး ကတော့ သူဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်တဲ့ ရွှေဘောလုံးဆုနဲ့ လွဲချော်ခဲ့တာကြောင့် ဝမ်းနည်းခဲ့ရကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်တဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားခဲ့သူ ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ အဆိုပါ ရွှေဘောလုံးဆုကို ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီကသာ ရရှိသွားခဲ့ပါတယ်။

Photo Credit: Goal

လီဝမ်ဒေါစကီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဥရောပရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဘောလုံးသမား ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ၄၀ ပါဝင် ကစားပေးခဲ့ရာ ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို လီဝမ်ဒေါစကီးသာ ရရှိသင့်ကြောင်း ယူဆသူတွေ အမြောက်အမြား ရှိနေပြီး လီဝမ်ဒေါစကီး ကတော့ ရွှေဘောလုံးဆုရှင် မက်ဆီကို ဂုဏ်ပြုစကား ပြောကြားခဲ့ပေမယ့် ရွှေဘောလုံးဆုနဲ့ လွဲချော်ခဲ့ရလို့ ဝမ်းနည်းစိတ် ဖြစ်ခဲ့မိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရင်ဖွင့်လာခဲ့ပါတယ်။

Photo Credit: Goal

လီဝမ်ဒေါစကီးက – “ရွှေဘောလုံးဆုနဲ့ လွဲချော်ခဲ့ရလို့ ကျွန်တော် ဝမ်းနည်းမိပါတယ်။ ဒါကို မလိမ်ချင်ပါဘူး။ ကျွန်တော်က ဆုပေးပွဲမှာ ပျော်ခဲ့ပါတယ် ဆိုပြီး လိမ်မပြောချင်ဘူး။ ကျွန်တော် ဝမ်းနည်းခဲ့မိတာတော့ အမှန်ပါပဲ။ ကျွန်တော်က မက်ဆီကို သူ့ရဲ့ ကစားပုံနဲ့ သူ ရရှိထားတဲ့ အောင်မြင်မှုတွေ အတွက် လေးစားမှု ရှိပါတယ်။ ဒါကြောင့် မက်ဆီရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်ခဲ့ပြီး ရွှေဘောလုံးဆု အတွက် မက်ဆီနဲ့ ယှဉ်ပြိုင်ခဲ့ရတာကို သဘောကျပါတယ်။ ပြီးတော့ မက်ဆီနဲ့ အခုလို ယှဉ်ပြိုင်ခဲ့ရတဲ့ အတွက် ကျွန်တော်က ကျွန်တော် ရောက်ချင်ခဲ့တဲ့ အဆင့်အတန်း တခုဆီ ရောက်ရှိနေပြီ ဆိုတာကိုလည်း သိလာပါတယ်” လို့ ရင်ဖွင့်စကား ပြောကြားသွားခဲ့တာပါ။