ဘာစီလိုနာအသင်းရဲ့ ပိုလန် တိုက်စစ်ကစားသမားကြီး ရောဘတ် လီဝန်ဒေါစကီးက လက်ရှိမှာ ပုံစံကောင်းတွေ ပြသလျက် ရှိနေပေမယ့် မကြာခင် ကာလအတွင်းမှာပဲ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အဆုံးသတ်သွားရတော့မယ်လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
အသက် (၃၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပိုလန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချိန်ကတည်းက သူရဲ့ အကောင်းဆုံးပုံစံကို ပြသလို့နေပြီး ဒီရာသီထဲမှာလည်း ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲကစား (၁၉)ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
Photo Credit : essnnews
အသက်အရွယ်အရ အကျပိုင်းကို ရောက်နေပြီလို့ ယူဆနိုင်ပေမယ့်လည်း (၃၆)နှစ်အရွယ်နဲ့တောင် လီဝန်ဒေါစကီးရဲ့ ဂိုးသွင်းအားက ကြောက်ခမန်းလိလိ ကောင်းမွန်နေဆဲဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါဖလား ရယူနိုင်ဖို့အထိပါ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးက သူ့အနေနဲ့ ဘောလုံးသမားဘဝကို မကြာခင်မှာပဲ အဆုံးသတ်ရနိုင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။
“လက်ရှိ ကျွန်တော်ရဲ့ အသက်အရွယ်အရ လာမယ့် (၂)နှစ်လား (၃)နှစ်လား ဘယ်အချိန်မှာ အဆုံးသတ်မလဲဆိုတာ ကျွန်တော် သေချာတော့ မသိသေးပါဘူး။ သိပ်မကြာခင်တော့ သိရပါမယ်။ အဲ့ဒီအခါကျရင် အဆုံးသတ်ရပါလိမ့်မယ်။ အနားယူမယ့် ကိစ္စကိုလည်း အားလုံးကို မပြောချင်သေးပဲ ကျွန်တော့်ကိုယ်ကျွန်တော်သာ ပြောချင်ပါတယ်။”
Photo Credit : Barca Blaugranes
“တစ်နေ့မှာ အိပ်ရာကနေ ကျွန်တော် နိုးထလာတဲ့အချိန် ကျွန်တော်က အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဆီ သွားဖို့ စိတ်မပါတော့ဘူးဆိုရင် အဲ့ဒီအခါကျ ကစားသမားဘဝကနေ အနားယူဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် စပြီး စဉ်းစားလာမိမှာပါ။ အခုကတော့ မနက်တိုင်းလိုလို ကျွန်တော် ခံစားချက်တွေ ကောင်းမွန်နေတယ်။ နာကျင်မှုလည်း ဘာမှ မခံစားရဘူး။”
“နောက်ပြီးတော့ ကလပ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဆီ သွားရောက်ဖို့အတွက်လည်း စိတ်အားထက်သန်နေပါသေးတယ်။” လို့ လီဝန်ဒေါစကီးက ဖွင့်ဟသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဘာစီလိုနာနဲ့ ၂၀၂၆ + တစ်နှစ်ထပ်တိုးခွင့် စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး အသင်းမှာ စာချုပ်ကုန်ဆုံးချိန်အထိ ဆက်ရှိသွားဖွယ် ရှိနိုင်ပါတယ်။