ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး ဂျာမန် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး နောက်ဆုံး ၂ရာသီ အတွင်း သွင်းဂိုး ၁၀၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ၂ပွဲ ကစားထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။

Photo Credit: Bild

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူးကို လက်လွှတ်လိုခြင်း မရှိပေမယ့် လီဝမ်ဒေါစကီးကတော့ အသက် ၃၅နှစ် မပြည့်မီမှာ ဥရောပ ထိပ်တန်းအသင်းကြီး တသင်းထံ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးရှိတာကြောင့် ထွက်ခွာခွင့် တောင်းခံခဲ့တာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဝမ်ဒေါစကီးဟာ ဒေါ့မွန်အသင်းကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ် အပြီးမှာပဲ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်တာကြောင့် အခြား ဥရောပ ထိပ်သီး အသင်းတွေထံ ပြောင်းရွှေ့ချင်ကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Bild

ကနဦးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးကို ရောင်းချလိုခြင်း မရှိတာကြောင့် လီဝမ်ဒေါစကီးကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ပေးချေရမယ်လို့ ပြောကြားထားပေမယ့် လီဝမ်ဒေါစကီးက အသင်းပြောင်းချင်တဲ့ ဆန္ဒကို ထုတ်ဖော် ပြောဆိုပြီးနောက် သူ့ရဲ့ တန်ကြေးဟာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။

လက်ရှိမှာတော့ လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ဖို့ အတွက် ထိပ်တန်း တိုက်စစ်မှူး တဦးကို လိုက်လံ ရှာဖွေနေတဲ့ သူ့ရဲ့ ဆရာဟောင်း ဂွာဒီယိုလာ ရှိရာ မန်ချက်စတာ စီးတီးအသင်းက ရေပန်းအစားဆုံး ဖြစ်နေပြီး မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စတင် ချိတ်ဆက်နေပါတယ်။