ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီး ကတော့ ဘိုင်ယန်မြူးနစ် အနေနဲ့ သူ့ကို စာချုပ်သက်တမ်း ကုန်ဆုံးသည် အထိ အသင်းမှာ ဆက်ထားမှာထက် လာမယ့် နွေအပြောင်းအရွှေ့မှာ ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့် ပေးသင့်ကြောင်း ထုတ်ပြောရင်း အသင်းကနေ ထွက်ခွာခွင့်ကို ဒုတိယအကြိမ် တောင်းဆိုသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့သလို လာမယ့် နွေအပြောင်းအ‌ရွှေ့မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

လီဝမ်ဒေါစကီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်သလို ဘောလုံးရာသီ တခုမှာ အနိမ့်ဆုံး ဂိုး ၃၀ကျော်ကို သွင်းယူပေးနိုင်စွမ်း ရှိတာကြောင့် ဘိုင်ယန်မြူးနစ်ဘက်က သူ့ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေပြီး ဘာစီလိုနာက လီဝမ်ဒေါစကီး အတွက် ကမ်းလှမ်းခဲ့တဲ့ ယူရို ၃၅သန်းတန် ကမ်းလှမ်းမှု တရပ်ကိုလည်း ငြင်းဆန် ပယ်ချထားပါတယ်။

ဒါပေမယ့် လီဝမ်ဒေါစကီးကတော့ သူဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ထားသလို ဘိုင်ယန်မြူးနစ်ဘက်က သူ့ကို အသင်းပြောင်းခွင့် ပေးလိုက်တာဟာ နှစ်ဖက်စလုံး အတွက် အကျိုးများတဲ့ လုပ်ရပ် တခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်‌ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

လီဝမ်ဒေါစကီးက – “ကျွန်တော့်ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝက ပြီးဆုံးသွားပါပြီ။ ကျွန်တော်က ဘိုင်ယန်မြူးနစ်မှာ ဆက်မကစားချင်တော့ပါဘူး။ ဘိုင်ယန်မြူးနစ်က ဘောလုံးနဲ့ ပတ်သတ်ရင် အတော်လေးကို အစွဲအလမ်း ကြီးမားတဲ့ အသင်းတသင်း ဖြစ်သလို ကျွန်တော်ကတော့ သူတို့ဟာ ကျွန်တော့်ကို ဆွဲထားမယ်လို့ မထင်ပါဘူး။ အပြောင်းအရွှေ့ကသာ နှစ်ဖက်စလုံး အတွက် အကောင်းဆုံး ဖြေရှင်းနည်း တရပ်ပါ။ သူတို့က ကျွန်တော့်ကို မတားဆီးဖို့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

တဖက်မှာတော့ ဘာစီလိုနာက လီဝမ်ဒေါစကီး အတွက် နောက်ထပ် ကမ်းလှမ်းမှု တရပ်ကို ထပ်မံ ပြုလုပ်ဖို့ စီစဉ်နေပြီး ဘာစီလိုနာရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုက ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း + အပိုဆုကြေး ယူရို ၅သန်း ဆိုတဲ့ ကမ်းလှမ်းမှု တရပ် ဖြစ်နိုင်ကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။