ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးဟာ ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံး ကမ်းလှမ်းမှုတွေထဲက တစ်ခုကို ပယ်ချပြီး ကလပ်အသင်းအပေါ် သစ္စာစောင့်သိခဲ့ကြောင်း သူ့ရဲ့အေးဂျင့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဆော်ဒီအာရေဗျကလပ်တစ်ခုကနေ တစ်ရာသီလုပ်ခ ယူရို သန်း(၁၀၀)ကျော်ပေးမယ့် ကမ်းလှမ်းမှုကို လီဝန်ဒေါစကီးက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အေးဂျင့်ဖြစ်သူ ပီနီ ဇာဟာဗီက လီဝန်ဒေါစကီးဟာ ဥရောပရဲ့ ထိပ်တန်းဆုဖလားတွေကို ဆက်လက်စိန်ခေါ်လိုတာကြောင့် ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပြီး ဘာစီလိုနာဟာ သူ့အတွက် ကမ္ဘာပေါ်က အသင့်တော်ဆုံးနေရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Forebes
ဆော်ဒီ ပရိုလိဂ်ဟာ အီနီဂို မာတီနက်ဇ်၊ ကင်စလေ ကိုးမန်း၊ ဂျာအို ဖီးလစ်နဲ့ ဒါဝင် နူနက်ဇ်တို့လို နာမည်ကြီးကစားသမားများစွာကို ဆွဲဆောင်နေချိန်မှာ လီဝန်ဒေါစကီးရဲ့ ဆုံးဖြတ်ချက်က ဥရောပရဲ့ ထိပ်တန်းအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်လိုတဲ့ သူ့ရဲ့ ပြင်းပြတဲ့ဆန္ဒကို မီးမောင်းထိုးပြနေပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးရာမှာ (၅၂)ပွဲမှာ (၄၂)ဂိုးသွင်းယူပြီး အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
သတင်းဌာန Fakt နဲ့ တွေ့ဆုံရာမှာ ဇာဟာဗီက “ပြီးခဲ့တဲ့နှစ်က သူ့အတွက် တိကျတဲ့ကမ်းလှမ်းမှုတစ်ခု ရခဲ့ပါတယ်။ တစ်ရာသီကို ယူရို သန်း(၁၀၀)ကျော်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ တစ်ရာသီစာအတွက်နော်။ ဒါပေမဲ့ သူက လာလီဂါနဲ့ ချန်ပီယံလိဂ်အတွက် တိုက်ပွဲဝင်ဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။ ပြီးတော့ အဲ့ဒီရည်မှန်းချက်နှစ်ခုလုံးကို သူ အောင်မြင်လုနီးပါး ဖြစ်ခဲ့တယ်။ ဘာစီလိုနာက သူ့အတွက် ကမ္ဘာပေါ်က အသင့်တော်ဆုံးနေရာပါ။ သူ အသက်တောင့်သက်သာအရှိဆုံး ခံစားရတဲ့နေရာပေါ့။ တကယ်တော့ ရောဘတ်က အဲ့ဒီမှာ သွားကစားဖို့ စိတ်ကူးတောင်မရှိခဲ့ပါဘူး။” လို့ ပြောခဲ့ပါတယ်။
Photo Credit : Goal
လက်ရှိမှာတော့ လီဝန်ဒေါစကီးဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့အခါမှာတော့ ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတဲ့ ချန်ပီယံလိဂ်မှာ ပြန်လည်တောက်ပြောင်နိုင်ဖို့နဲ့ လာလီဂါအောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားမယ့် ဘာစီလိုနာရဲ့ တိုက်စစ်ကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
ပိုလန်တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်က ၂၀၂၆ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး ၂၀၂၇ အထိ သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေကို လာမယ့်လတွေအတွင်းမှာ ပြုလုပ်သွားဖို့ မျှော်လင့်ရပါတယ်။