စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အသစ်စက်စက် ကျောနံပါတ်၉ ပိုင်ရှင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက သူဟာ ဘာစီလိုနာရဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့်ပဲလို့ သူ့ရဲ့ ကျောနံပါတ် မိတ်ဆက်ပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ယခု နွေဈေးကွက် အတွင်းမှာပဲ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း + အပိုဆုကြေးတွေနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ်ကို ချုပ်ဆိုထားသူပါ။

Photo Credit: Marca

လီဝမ်ဒေါစကီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်တာကြောင့် သူ့ကို ရရှိလိုက်တာဟာ ဘာစီလိုနာကို ပိုမို အင်အားတောင့်တင်းစေသလို လီဝမ်ဒေါစကီးကြောင့်ပဲ ဘာစီလိုနာက နှစ်အနည်းငယ်ကြာအောင် ဝေးကွာနေခဲ့ရတဲ့ အမှတ်ပေး ဆုဖလားကို ရီးရဲလ်မက်ဒရစ် လက်ထဲကနေ ပြန်လည် လုယူနိုင်လိမ့်မယ်လို့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

လီဝမ်ဒေါစကီးကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့လာရမှုကြောင့် သူ့ရဲ့ ကစားသမား ဘဝဟာ နောက်ထပ်တဆင့် ထပ်မြင့်သွားသလို ခံစားရကြောင်းနဲ့ ဘာစီလိုနာရဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေသလို ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့လည်း ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

လီဝမ်ဒေါစကီးက – “သေချာတာပေါ့။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်က သူတို့နဲ့ ဘယ်လို ရင်ဆိုင်ကစားရမလဲ ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတော်လေး ကောင်းခဲ့တာကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီရာသီမှာ သူတို့ကို အနိုင်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။