ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသွင်းစက်ကြီး တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက အီတလီစီးရီးအေ ဘောလုံးပြိုင်ပွဲကို နှစ်သက်သဘောကျပြီး စီးရီးအေပြိုင်ပွဲရဲ့ ပရိသတ်တစ်ဦးလို့ ဝန်ခံပြောဆိုသွားခဲ့ပေမယ့် သူနှစ်သက်ရတဲ့ အမှတ်ပေးလိဂ်က ပြိုင်ပွဲဝင်အသင်းတစ်သင်းဆီကိုတော့ ပြောင်းရွှေ့ဖွယ်မရှိပဲ ဘိုင်ယန်အသင်းမှာပဲ စာချုပ်သက်တမ်း ကျန်ရှိနေချိန်အထိ ဆက်လက်ကစားသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် ဂိုးသွင်းစက်ကြီး တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ လာမယ့်နွေစျေးကွက်မှာ ဘိုင်ယန်ကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့်လည်း ဘိုင်ယန်လို ထိပ်တန်းကလပ်အသင်းမှာ ပါဝင်ကစားနေရတာကို ပျော်ရွှင်နေကြောင်းနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကျန်ရှိနေချိန်အထိ ဘိုင်ယန်မှာပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ပြန်လည်ပြောဆိုထားခဲ့ပါတယ်။ အီတလီအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Tuttosport နဲ့ တွေ့ဆုံစဉ်မှာ လီဝန်ဒေါစကီးက “ကျွန်တော် အီတလီဘောလုံးအကြောင်းနဲ့ပတ်သက်ပြီး လူတော်တော်များများနဲ့ ပြောဆိုခဲ့ဖူးပါတယ်”

Photo Credit : Goal

“ဒီလိဂ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကိုလည်း သူတို့က ကျွန်တော့်ကို ပြန်ပြောဖူးတယ်။ အီတလီကလပ်အသင်းတွေရဲ့ အကြောင်းကိုလည်း ကောင်းကောင်းသိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ဖူးလို့ပါ။ ကျွန်တော် ဒီလိဂ်ကို နှစ်သက်သဘောကျတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်က ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့သူပါ။ ဒီအသင်းမှာ ကျွန်တော်အတော်လေးကို ပျော်ရွှင်နေရပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဘောလုံးရာသီတိုင်းလိုလို သွင်းဂိုးတွေများစွာ ရယူပေးထားနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဒီရာသီမှာလည်း သူရဲ့ဘွန်ဒစ်လီဂါသွင်းဂိုးက (၃၉)ဂိုးအထိကို ရှိလာခဲ့တာကြောင့် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်တဲ့ ဂတ်မူလာရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့က သွင်းဂိုး(၁)ဂိုးတည်းသာ ကျန်ရှိနေတော့ပြီး တကယ်လို့ လီဝန်ဒေါစကီးအနေနဲ့ လက်ကျန်ပွဲစဉ်(၂)ပွဲအတွင်း သွင်းဂိုး(၂)ဂိုးနဲ့အထက်သာ သွင်းယူနိုင်ခဲ့မယ်ဆိုရင် ဂတ်မူလာကို ကျော်ဖြတ်ပြီး တစ်ရာသီအတွင်း ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် စံချိန်သစ်တစ်ခုကို စိုက်ထူသွားနိုင်မှာဖြစ်ပါတယ်။