ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ၁၈ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘောလုံးသမား တဦး အတွက် နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပေမယ့် နောက်ဆုံး ၃နှစ် အတွင်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: Marca

လီဝမ်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး အထိ သွင်းယူထားနိုင်ပြီး အသင်းရဲ့ နိုင်ပွဲတွေ အတွက် အဓိကကျတဲ့ ကစားသမား တဦး ဖြစ်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၄၀ အထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ လီဝမ်ဒေါစကီးဟာ ဥရောပ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၇ပွဲ ကစားခဲ့ရာ သွင်းဂိုး ၅၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါသေးတယ်။

Photo Credit: Marca

မှတ်တမ်းတွေအရ လီဝမ်ဒေါစကီးဟာ ယခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အာမီနီးယားအသင်းတို့ရဲ့ ပွဲစဉ်မှ စတင်ကာ ဘိုင်ယန်မြူးနစ်အသင်း အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ ၁၈ပွဲ ဆက်တိုက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

လီဝမ်ဒေါစကီးဟာ အဆိုပါ ၁၈ပွဲမှာ စုစုပေါင်း သွင်းဂိုး ၂၈ဂိုး အထိ သွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဂျာမန် အခြေစိုက် ဘောလုံးရေးရာ သုံးသပ်သူတွေ ကတော့ လီဝမ်ဒေါစကီးဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တာပဲလို့ ချီးကျူးထားကြပါတယ်။