လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ နာမည်ကြီး တိုက်စစ် ကစားသမား လီလွန်နယ် မက်ဆီ လို အရည်အချင်းမျိုး ရှိတဲ့ ကစားသမား ကို နောက် နှစ် ၁၀၀ လောက်အထိတောင် မြင်တွေ့ရဖို့ မရှိဘူးလို့ ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်း ကြယ်ပွင့် ကစားသမား လီဝန်ဒေါ့စကီး က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရတဲ့ လီဝန်ဒေါ့စကီး ဟာ လီယွန်နယ် မက်ဆီ ကို အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် ချီးကျုးသွားခဲ့ပြီးတော့ မက်ဆီလို အရည်အချင်းမျိုး ရှိတဲ့ ကစားသမား ပေါ်ထွန်းလာဖို့ ရာစုနှစ် တစ်စု စာလောက် ကြာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit: AS English

အသက် ၃၂ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ လီဝန်ဒေါ့စကီး ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဘိုင်ယန်မြူးနစ် အသင်း အတွက် ပြိုင်ပွဲစုံ ၅၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ လီဝန်ဒေါ့စကီး အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘော်လွန်းဒီအော် ဆုရရှိဖို့ အနေအထားမှာ ရှိနေခဲ့ပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ ယခုနှစ် ဘော်လွန်းဒီအော် ဆုကို မပေးအပ်တော့ဘူးလို့ ပြင်သစ်သတင်းဌာနက ကြေညာ ခဲ့တာကြောင့် လီဝန် အတွက် နစ်နာခဲ့ရပါတယ်။ ဒီရာသီ မှာလည်း လီဝန်ဒေါစကီးဟာ လိုက်ပ်ဇစ် အသင်းနဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်အပြီး အသင်း အတွက် ၁၅ ပွဲ ဝင်ရောက် ကစားပေးထားပြီး ၁၅ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ လီဝန်ဒေါ့စကီး ကတော့ ယခင်နှစ်ရဲ့ ဘော်လွန်းဒီအော် ဆုပိုင်ရှင် မက်ဆီ အပေါ်ကို ထားရှိတဲ့ သူ့ရဲ့ လေးစားမှု ကို အခုလိုပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

 

Photo Credit: AS English

“ သူက ကစားသမားကောင်း တစ်ဦးပါ။ ဘောလုံး သမိုင်း တစ်လျှောက်မှာ အကောင်းဆုံးထဲက တစ်ဦးပါ။ သူထားရှိတဲ့ မျှော်လင့်ချက်က ကြီးမားပြီးတော့ သူ ဘောလုံးသမား တစ်ဦး အနေနဲ့ ရရှိထားတဲ့ အောင်မြင်မှု မျိုးကို ဘယ်ကစားသမားမှ မှီမှာ မဟုတ်ပါဘူး။ သူ့လို ကစားသမားမျိုး တစ်ဖန်ပြန်လည် မွေးဖွားလာဖို့ အတွက် ခင်ဗျား အနေနဲ့ နှစ် ၁၀၀ လောက် စောင့်ရနိုင်ပါတယ်။ သူ လုပ်ပြနိုင်ခဲ့တဲ့ အောင်မြင်မှုတွေက သူ့ကို ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်တယ်လို့ မီးမောင်းထိုးပြနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အတွက် ဘော်လွန်းဒီအော် ဆု ကို ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပေးအပ်ခြင်း မရှိတော့ပေမယ့်လည်း လီဝန်ဒေါ့စကီးဟာ အကောင်းဆုံး ဖီဖာ အမျိုးသား ကစားသမားဆုကိုတော့ ရရှိသွားဖို့ အခွင့်အလမ်း များနေပါတယ်။