ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ဂိုးသွင်းစက် လီဝမ်ဒေါစကီး ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ရရှိသွားလိမ့်မယ် လို့ ယုံကြည်နေပါတယ်။

အသက် ၃၂နှစ် အရွယ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပိုလန်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ဖော် ပြသနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူဟာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၄၀ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၉ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Marca

အဲ့ဒါအပြင် လီဝမ်ဒေါစကီးဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း ပိုလန်အသင်းကို ရှုံးထွက်အဆင့် တက်နိုင်အောင် မကူညီနိုင်ခဲ့ပေမယ့် အုပ်စုပွဲစဉ် ၃ပွဲ ကစားခဲ့ရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူပေးခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို ရယူနိုင်မယ့် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပြီး လီဝမ်ဒေါစကီးကတော့ အာဂျင်တီးနားအသင်းနဲ့ အတူ ကိုပါအမေရိကဖလားကို အရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့ ၇ကြိမ်မြောက် ရွှေဘောလုံးဆုကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Marca

အသက် ၃၄နှစ် အရွယ် ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ မိခင်ကလပ် ဘာစီလိုနာအသင်းနဲ့ အတူ ကိုပါဒယ်ရေးဖလား တလုံးထဲသာ အရယူနိုင်ခဲ့ပေမယ့် မကြာသေးမီကပဲ အာဂျင်တီးနားအသင်းနဲ့ အတူ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး နိုင်ငံတကာ ဆုဖလားအဖြစ် ကိုပါအမေရိကဖလားကို ဗိုလ်စွဲခဲ့သူပါ။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးက မက်ဆီဟာ ရွှေဘောလုံးဆုကို ရရှိသွားလိမ့်မယ်လို့ ယုံကြည်နေပြီး သူ့ရဲ့ ထင်မြင်ချက်တွေကို အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ လီဝမ်ဒေါစကီးက – “ကိုပါအမေရိကပြိုင်ပွဲ ပြီးဆုံးသွားတဲ့နောက် ကျွန်တော့်အတွက် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အခွင့်အရေးဟာ ပိုပြီး နည်းပါးလာတယ် လို့ ထင်ပါတယ်။ ဒါပေမယ့် ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကစားသမား (မက်ဆီကို ရည်ရွယ်လျက်) ကို အရှုံးပေးခဲ့ရတာ ဆိုတော့ သိပ်ပြီးလည်း စိတ်မပျက်မိပါဘူး” လို့ ပြောကြား သွားခဲ့တာပါ။