ဘိုင်ယန်မြူးနစ်အသင်း ၊ ပိုလန်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးခေါင်းဒဏ်ရာကြောင့် အချိန်အတန်ကြာအောင် အနားယူရတော့မယ်လို့ သိရပါတယ်။ အသက် ၃၁နှစ်အရွယ် လီဝန်ဒေါစကီးဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး နံပါတ်၉ ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး နိုင်ငံနဲ့ ကလပ်အသင်းအတွက် ယခုနှစ်ရာသီမှာ သွင်းဂိုး ၃၉ဂိုးအထိ သွင်းယူပေးထားနိုင်သူပါ။

Photo Credit: Standard.com

လီဝန်ဒေါစကီးဟာ စတမ်းဘရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲချိန်ပြီးဆုံးခါနီးမှာ ချယ်လ်ဆီးကစားသမားတွေနဲ့ ထိခိုက်မိကာ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာပါ။ ဆေးစစ်ချက်တွေအရတော့ ဒဏ်ရာဟာ အနည်းငယ် ပြင်းထန်မှုရှိကြောင်း သိရပြီး ရက်သတ္တပတ် လေးပတ် ဒါမှမဟုတ် တစ်လ ကြာအောင် အနားယူရမှာဖြစ်ကြောင်း ဘိုင်ယန် မြူးနစ်အသင်းဘက်က ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

Photo Credit: Standard.com

လီဝန်ဒေါစကီးက လက်ရှိရာသီမှာ ဘိုင်ယန် မြူးနစ်အသင်းရဲ့ အဓိက ဦးဆောင်သူဖြစ်နေတာကြောင့် သူ ဒဏ်ရာရရှိသွားတာဟာ အသင်းရဲ့ အင်အားကို နည်းပါးသွားစေမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရရှိထားတာကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခွာရမှာကို သိပ်ပြီး စိတ်ပူစရာမလိုပေမယ့် လစ်ဇက် ၊ ဒေါ့မွန်အသင်းတို့နဲ့ အပြိုင်အဆိုင် ဖြစ်နေတဲ့ ဘွန်ဒက်စ်လီဂါမှာတော့ အနည်းငယ် စိုးရိမ်စရာ ရှိပါတယ်။ လီဝန်ဒေါစကီးဟာ လက်ရှိ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါပွ​ဲ ၂၃ပွဲ ပါဝင်ကစားပေးထားရာမှာ ၂၅ဂိုးသွင်းယူထားပြီး ၃ဂိုး ဖန်တီးပေးထားနိုင်သူပါ။