ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကနေ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့တဲ့ လီဝမ်ဒေါစကီးက ယနေ့ညနေမှာပဲ ဘိုင်ယန်မြူးနစ်ရဲ့ ပရိသတ်တွေကို နှုတ်ဆက်စကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းအတွက် ၈နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၃၇၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၄၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၇၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Bild

လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၃ဦး စာရင်းထဲ ဝင်ထားသူ ဖြစ်သလို အသင်းနဲ့အတူ ချန်ပီယံလိဂ် ၁ကြိမ် ၊ ဘွန်ဒက်လီဂါ ၈ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ ဂျာမန်စူပါဖလား ၅ကြိမ်နဲ့ ဂျာမန်ပိုကယ်ဖလား ၃ကြိမ်တို့ကို ရယူနိုင်ခဲ့သလို ရွှေဖိနပ်ဆု ၁၂ဆု အထိ သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ရဲ့ လက်ရှိနည်းပြ နစ်ဂယ်စမန်းနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာကာ ဘာစီလိုနာဆီ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ ကြားမှာလည်း လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ကာ လီဝမ်ဒေါစကီးက မနက်ဖြန်မှာပဲ အမေရိကန်နိုင်ငံ ၊ မိုင်ယာမီမြို့ဆီ ထွက်ခွာပြီး ဘာစီလိုနာနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Photo Credit: Bild

လီဝမ်ဒေါစကီးက ယနေ့မှာ ပြုလုပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို တဦးချင်းစီ လိုက်လံ နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့သလို ဂျာမန် သတင်းထောက် ဟော့ဖ်မန်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အတိုမှာလည်း သူက ဘိုင်ယန်မြူးနစ်နဲ့ ပရိသတ်တွေကို လွမ်းဆွတ်နေမှာပါလို့ ပြောကြားသွားပါတယ်။

လီဝမ်ဒေါစကီးက – “ကျွန်တော့်အတွက် ဘိုင်ယန်မြူးနစ်နဲ့အတူ ရှိနေခဲ့ရတဲ့ ၈နှစ်တာ ကာလဟာ အရမ်းကို ထူးခြားလွန်းပါတယ်။ ကျွန်တော်က အဲ့ဒီ အခိုက်အတန့်တွေကို ဘယ်လိုမှ မေ့သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဘိုင်ယန်မြူးနစ်မှာ အရမ်းကို ကောင်းမွန်တဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့တာပါ။ ကျွန်တော်က တနေ့မှာ မြူးနစ်မြို့ဆီ ပြန်လာပြီး အသင်းရဲ့ ဝန်ထမ်းတွေကို တဦးချင်းစီ နှုတ်ဆက်ပါဦးမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။