လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးကတော့ မနေ့ညတုန်းက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဖရိုင်းဘက်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးပြီး နောက် ယခုနှစ် ဘောလုံးရာသီရဲ့ ဥရောပ ရွှေဖိနပ်ဆုကို ရရှိဖို့အတွက် အတော်လေး နီးစပ်ခဲ့ပြီ လို့ သိရှိရပါတယ်။ ဥရောပ ရွှေဖိနပ်ဆု ဆိုတာဟာ ဥရောပတိုက် တစ်ခုလုံးမှာရှိတဲ့ လိဂ်တွေ က တိုက်စစ်မှူးတွေရဲ့ သွင်းဂိုးတွေကို ရမှတ် အလိုက် အမှတ်ပေးကာ ရာသီကုန်ချိန်မှာ ရမှတ် အများဆုံး ကစားသမားကို ဥရောပတိုက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ပေးအပ်တဲ့ ဆုတံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit: Bleacher Report

ဘိုင်ယန်မြူးနစ်အသင်းက ဖရိုင်းဘက် အသင်းကို သုံးဂိုး တစ်ဂိုး ဆိုတ​ဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ လီဝန်ဒေါစကီးဟာ အသင်း အတွက် အတော်လေး ခြေစွမ်းပြသွားခဲ့ပြီး သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ကာ အသင်းရရှိတဲ့ သွင်းဂိုးတွေ အကုန်နဲ့ ပါဝင် ပတ်သတ်ခွင့် ရရှိခဲ့ပါတယ်​။ အသက်၃၁နှစ်အရွယ် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ လက်ရှိ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါ ပွဲစဉ် ပွဲ၃၀အထိ ပါဝင် ကစားပေးထားရာမှာ ၃၃ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ၄ဂိုး ဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဟာ လက်ရှိ ရာသီမှာ ဥရောပ ထိပ်သီးလိဂ် ငါးခုထဲကမှ သွင်းဂိုး ၃၀ပြည့်ခဲ့တဲ့ ပထမဦးဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Bleacher Report

လီဝန်ဒေါစကီးဟာ လက်ရှိအချိန်မှာ သွင်းဂိုး ၃၃ဂိုးအထိ သွင်းယူထားတာကြောင့် ဥရောပ ရွှေဖိနပ်ဆုအတ​ွက် ပြုလုပ်ထားတဲ့ အမှတ်ပေး ဇယားမှာ ရမှတ်၆၆မှတ်နဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နေတယ်လို့ သိရှိရပါတယ်။ သူ့ရဲ့ အနောက်မှာတော့ စီးရီးအေကလပ် လာဇီယို အသင်းရဲ့ တိုက်စစ်မှူး အမ်မိုဘိုင်းလီက သွင်းဂိုး ၂၇ဂိုး ၊ ရမှတ် ၅၄မှတ်နဲ့ ဒုတိယနေရာကနေ လိုက်ပါနေပါတယ်။ တတိယ နေရာမှာတော့ လာမယ့် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ဖြစ်တော့မယ့် တီမိုဝါနာက ရှိ နေပြီး ဝါနာဟာ လက်ရှိ ဘောလုံးရာသီမှာ သွင်းဂိုး ၂၆ဂိုးအထိ သွင်းယူထားတာကြောင့် ရမှတ် ၅၂မှတ်ကို ပိုင်ဆိုင်ထားပါတယ်။ စတုတ္ထနေရာမှာတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်ဒိုတို့က ပူးတွဲ ရပ်တည်နေကြပြီး သွင်းဂိုး ၂၁ဂိုးစီ သွင်းယူထားကြသလို ရမှတ် ၄၂မှတ်စီလည်း ရရှိထားကြပါတယ်။ ဒါ့ကြောင့် လက်ရှိ အနေအထားကို ကြည့်မယ်ဆိုရင် လီဝန်ဒေါစကီးဟာ သူ့ရဲ့ အနီးစပ်ဆုံး ပြိုင်ဘက်ထက် သွင်းဂိုး ၆ဂိုး အထိ အသာစီး ရရှိထားသလို လက်ကျန်ပွဲတွေမှာလည်း သူရဲ့သွင်းဂိုးတွေကို ထပ်မံ မြင်တွေ့ရဖို့ ရှိနေတာကြောင့် ၂၀၂၀ ခုနှစ်အတွင် ဥရောပ ရွှေဖိနပ်ဆုဟာ လီဝန်ဒေါစကီးအတွက် ဖြစ်သွားဖို့ အတော်လေး အခွင့်အလမ်း များပြား နေပါတယ်။