ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန် ဘွန်ဒက်လီဂါ ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ယူနီယံ ဘာလင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ဘိုင်ယန်မြူးနစ် အသင်းဟာ ဘာလင်အသင်းဘက်ကို တစ်ပွဲလုံးနီးပါး ဖိအားပေး ကစားသွားခဲ့ပြီး နှစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ နိုင်ပွဲတစ်ပွဲ ရရှိခဲ့ပါတယ်။ အဝေးကွင်းမှာ ကစားခဲ့ရတာ ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းအတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ မဟုတ်ခဲ့ပဲ ရှေ့တန်းမှာ ကစားနေတဲ့ လီဝမ်ဒေါစကီး ၊ မူလာ ၊ ဂနာဘရီတို့သာ တွဲလုံးပိုမိခဲ့ရင် ဂိုးပြတ် နိုင်ပွဲတစ်ပွဲ ဖြစ်သွားနိုင်တဲ့ အထိ အသာစီးရခဲ့ကာ ဘာလင်အသင်းကတော့ အိမ်ကွင်းမှာ ကစားရပေမယ့် ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို တစ်ချိန်လုံးနီးပါး ခုခံခဲ့ရပါတယ်။

Photo Credit: Mirror.com

ဘိုင်ယန်မြူးနစ်အသင်းဘက် ကတော့ အဆိုပါပွဲစဉ်မှာ အမှားအယွင်း မရှိအောင် ကစားပြခဲ့သလို အဓိက တိုက်စစ်မှူးဖြစ်တဲ့ လီဝမ်ဒေါစကီးဟာလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဂိုးတွေကိုတော့ ပွဲကစားချိန် မိနစ်၄၀မှာ ပင်နယ်တီ ကနေတဆင့် လီဝမ်ဒေါစကီးက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ကာ ဒုတိယမြောက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၁မိနစ်မှာ ညာနောက်ခံလူ ပါဗက် က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လီဝမ်ဒေါစကီးဟာ လက်ရှိ ဘောလုံးရာသီမှာ သွင်းဂိုး ၄၀ ပြည့်သွားခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit: Mirror.com

လီဝမ်ဒေါစကီးဟာ လက်ရှိ ဘောလုံးရာသီမှာ သွင်းဂိုး ၄၀ပြည့်မြောက်ခဲ့ပြီး နောက်မှာတော့ သူဟာ နောက်ဆုံး၅ရာသီဆက်တိုက် ဂိုး၄၀နဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခုကို ရရှိခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေအရ သိရှိထားရပါတယ်။ လီဝမ်ဒေါစကီးဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ သွင်းဂိုး ၄၂ဂိုးအထိ သွင်းယူ နိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ရာသီမှာ ၄၃ဂိုး ၊ ၂၀၁၇- ၂၀၁၈ရာသီမှာ ၄၁ဂိုး ၊ ၂၀၁၈-၂၀၁၉ရာသီမှာ ၄၀ဂိုးတို့ကို အသီးသီး သွင်းယူနိုင်ခဲ့တာဖြစ်ကာ လက်ရှိ ဘောလုံးရာသီမှာလည်း သွင်းဂိုး ၄၀ ပြည့်မြောက်သွားခဲ့ပါပြီ။ လက်ရှိ ရာသီဟာ ပြီးဆုံးဖို့အတွက် လိုအပ်သေးတာကြောင့် လီဝမ်ဒေါစကီးအနေနဲ့ နောက်ထပ် သွင်းဂိုးများစွာကို သွင်းယူနိုင်ဦးမှာ ဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ သွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ ဘောလုံးရာသီတစ်ခုကိုလည်း ပိုင်ဆိုင်နိုင်ဖို့ ရှိနေပါတယ်။