ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ယနေ့ မနက်မှာ ကစားခဲ့တဲ့ လေဗာကူဆင် အသင်းနဲ့ ဂျာမန်ပိုကယ်ဖလား ပြိုင်ပွဲမှာ လေးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး ပြည်တွင်း ဖလားတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမား ဟာ တိုက်စစ်မှူး လီဝန်ဒေါစကီး ဖြစ်ပြီး လီဝန် ဒေါစကီးဟာ ပွဲချိန် ၅၉မိနစ်နဲ့ ၈၉မိနစ်တို့မှာ အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုး နှစ်ဂိုးကို သွင်းယူပေးခဲ့သလို ဂျာမန် ပိုကယ်ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Tribuna

အသက်၃၁နှစ်အရွယ် လီဝန်ဒေါစကီးဟာ လက်ရှိ ဘောလုံးရာသီမှာ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ရရှိထားပြီး ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အသင်းအတွက် ၃၁ပွဲ ပါဝင်ကစားပေးထားရာမှာ ၃၄ဂိုး သွင်းယူထားကာ ၄ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဂျာမန်ပိုကယ်ဖလား ပြိုင်ပွဲတို့မှာပါ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်နေပြီး ပြိုင်ပွဲစုံ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၅၁ဂိုးအထိ သွင်းယူပေးထားသူပါ။ လီဝန်ဒေါစကီးရဲ့ ခြေစွမ်းတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ် အသင်းရဲ့ နည်းပြဖြစ်သူ ဖလစ်က လီဝန်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကစားသမား ဖြစ်တယ်လို့ ဂျာမန် ပိုကယ်ဖလားပြိုင်ပွဲ အပြီးမှာ ထောက်ခံပြောဆို သွားခဲ့ပါတယ်။

Photo Credit: Tribuna

လီဝန်ဒေါစကီးအနေနဲ့ ရွှေဘောလုံးဆုကို ရရှိသင့်ကြောင်းကို ဖလစ်က ” သွင်းဂိုး ၅၁ဂိုး ဆိုတာဟာ တကယ်ကို ကောင်းလွန်းပါတယ်။ လီဝီ(လီဝန်ဒေါစကီး) သွင်းယူခဲ့တဲ့ ပထမသွင်းဂိုး က တကယ်ကို ပြောင်မြောက်လွန်းပါတယ်။ သူ ဘောလုံးကို ရယူလိုက်ပုံနဲ့ ကန်သွင်းပုံတွေက တကယ်ကို ကြည့်ကောင်းပါတယ်။ ဒီနေရာမှာ သူဟာ နည်းနည်းလေး ကံကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒါကပဲ သူဟာ ဘာလို့ အကောင်းဆုံး ဖြစ်နေလဲဆိုတာကို သိသာစေပါတယ်။ သူဟာ သူ့ရဲ့အရည်အချင်းမှာ အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်သာ သူ့ရဲ့ သွင်းဂိုးတွေကို ရေတွက်ကြည့်ရမယ်ဆိုရင် သူဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သွင်းဂိုး ၃၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ကစားသမားတစ်ဦးက ရွှေဘောလုံးဆု ကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေပြီလို့ ခင်ဗျားတို့ ထင်နိုင်ပါတယ်။ ဒါက ဘာလို့ မဖြစ် နိုင်ရမှာလဲဗျာ။ သူဟာ အခုချိန်မှာ ပြိုင်ပွဲတိုင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေသူပါ။ ရွှေဘောလုံးဆု ကို သူ ရရှိသွားပါစေလို့ ကျွန်တော် ဆုတောင်းလိုက် ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။