မနေ့ညက ကျင်းပပြုလုပ် ခဲ့တဲ့ ဆုပေးပွဲမှာတော့ ဂျာမန် ဘွန်ဒက်လီဂါ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘိုင်ယန် မြူးနစ် အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား တစ်ဦး ဖြစ်တဲ့ လီဝန်ဒေါ့စကီး ဟာ ဂျုဗင်တပ် အသင်းရဲ့ အဓိကတိုက်စစ် ကစားသမား ခရစ္စတီရာနို ရိုနယ်ဒို နဲ့ ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား လီယွန်နယ် မက်ဆီ တို့ကို ကျော်ဖြတ်ကာ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လီဝန်ဒေါ့စကီး အနေနဲ့ အခုလို တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ အတွက် အလွန်ကို ဝမ်းသာပီတိ ဖြစ်နေပြီးတော့ သူ့အနေနဲ့ အခုလို ဆုမျိုးရရှိဖို့ကို အရင်ကတည်းက မျှော်လင့်နေခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

Photo Credit: Goal

လီဝန်ဒေါ့စကီးဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း သွင်းဂိုး ၅၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီးတော့ အသင်းကို ဘွန်ဒက်လီဂါချန်ပီယံဖြစ်စေခဲ့ပါတယ်။ လီဝန် ရဲ့ အရင်ရာသီက သွင်းယူခဲ့တဲ့ ဂိုးပမာဏဟာ ရိုနယ်ဒိုထက် ဂိုး ၂၀ ပိုများပြီး မက်ဆီထက် ၂၈ ဂိုး များနေတာ ကြောင့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို အေးအေးဆေးဆေးပဲ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရိုနယ်ဒိုက နှစ်ကြိမ်ရရှိဖူးထားပြီး မက်ဆီကလည်း ပြီးခဲ့တဲ့ နှစ်က ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဝန် အတွက်ကတော့ ပထမဆုံး အကြိမ် ရရှိတာ ဖြစ်တာကြောင့် ပျော်ရွှင်နေပြီး သူ့ရဲ့ ခံစားချက်တွေကို အခုလိုပဲ ထုတ်ဖော် ပြောကြားလာပါတယ်။

Photo Credit: Goal

“ ကျွန်တော် အိမ်မက် မက်နေသလိုပဲ ခံစားရတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ဂုဏ်ယူပြီးတော့ အလွန်ကိုပဲ ပျော်ပါတယ်။ အရိုးသားဆုံးပြောရရင် ဒီနေ့က ကျွန်တော့် အတွက် နေ့ထူးနေ့မြတ်လေး တစ်နေ့ပါပဲ။ ပြီးတော့ ကျွန်တော့်ရဲ့ အသင်းနဲ့ အသင်းဖော်တွေ အတွက်ကောပေါ့။ ဒီဆုက ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ နည်းပြ နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့နဲ့ သက်ဆိုင်ပါတယ်။ ဒီဆုကြောင့် မယုံနိုင်စရာကောင်းလောက်တဲ့ ခံစားချက်မျိုးကို ခံစားမိပြီးတော့ စိတ်ခံစားမှုတွေလည်း အပြည့်ပါပဲ။ အကယ်၍ ခင်ဗျား အနေနဲ့ မက်ဆီ၊ ‌ရိုနယ်ဒို တို့ နဲ့ အတူ ဒီဆုမျိုးကို ရရှိဖူးတယ်လို့ ခေါင်းစဉ်တပ်ခံရရင် ဒါက မယုံနိုင်စရာပါပဲ။ ဒါက ကျွန်တော့် အတွက်တော့ အဓိပ္ပါယ် အများကြီး ရှိပါတယ်။ အရင်တုန်းက ကျွန်တော် ဒီလိုဆုမျိုး လိုချင်လိုက်တာ ဆိုပြီးတောင့်တနေခဲ့တာ မှတ်မိတယ်။ အခုတော့ ကျွန်တော် ဒီလိုဆု မျိုးရခဲ့ပါပြီ။ ခင်ဗျား အနေနဲ့ ဘယ်ကလာလာ အရေးကြီးတာကတော့ ခင်ဗျား ဘာအပေါ်မှာ အာရုံစိုက်လဲဆိုတာပါပဲ ” လို့ ဖွင့်ဟ ပြောဆိုသွားပါတယ်။