ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အတွက် သွင်းဂိုး ၃ဂိုးကို ပွဲကစားချိန် ၂၃မိနစ် အတွင်း သွင်းယူပေးနိုင်ခဲ့တာကြောင့် စံချိန် မှတ်တမ်းကောင်း တခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဆဲလ်ဘက်တို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်ဟာ ဧည့်သည် ဆဲလ်ဘက်ကို အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ ဟက်ထရစ်နဲ့ အတူ ၇-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ၊ ခြေပြတ် အနိုင်ရခဲ့ပြီး နောက်တဆင့်ဆီ အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

ဘိုင်ယန်မြူးနစ်နဲ့ ဆဲလ်ဘက်တို့ဟာ ပထမအကျော့ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြစဉ်က ၁-၁ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ဂျာမန်မြေပေါ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေကာ အိမ်ရှင် ဘိုင်ယန်မြူးနစ်က အမှားအယွင်း မရှိပဲ အဆိုပါ အခွင့်အရေးကို အကောင်းဆုံး ဆုပ်ကိုင်နိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ် ၇-၁ ဆဲလ်ဘက် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၂မိနစ် ၊ ၂၁မိနစ်နဲ့ ၂၃မိနစ်တို့မှာ လီဝမ်ဒေါစကီး ၊ ပွဲကစားချိန် ၃၁မိနစ်မှာ ဂနာဘရီ ၊ ပွဲကစားချိန် ၅၄မိနစ်နဲ့ ၈၃မိနစ်တို့မှာ မူလာနဲ့ ပွဲကစားချိန် ၈၆မိနစ်မှာ ဆာနေးတို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး ဆဲလ်ဘက်အတွက် တလုံးထဲသော သိက္ခာဆည် ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၁မိနစ်မှာ ကွင်းလယ်လူ ဂျာဂတ်က သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Fot Mob

အဆိုပါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ပွဲကစားချိန် ၂၃မိနစ် အတွင်း ဟက်ထရစ် ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ၁၉၉၆ခုနှစ်မှာ အေစီမီလန် တိုက်စစ်မှူး ဆီမြွန်နီရဲ့ ၂၄မိနစ် အတွင်း ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်သမိုင်းမှာ အမြန်ဆုံး ဟက်ထရစ် သွင်းယူနိုင်တဲ့ ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် ယခုတကြိမ် ဟက်ထရစ်ဟာ လီဝမ်ဒေါစကီးရဲ့ ကစားသမား ဘဝ ၅ကြိမ်မြောက် ချန်ပီယံလိဂ် ဟက်ထရစ်လည်း ဖြစ်ကြောင်း သိရပါတယ်။