ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီတုန်းက အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး တစ်ရာသီလုံးမှာ ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း ဂိုး(၅၀)ကျော်အထိပါ သွင်းယူထားနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကို ဘောလုံးနယ်ပယ်တဝန်းလုံးက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတစ်ခုဖြစ်တဲ့ Ballon d’Or ဆုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ တွက်ဆထားခဲ့ပေမယ့်လည်း Ballon d’Or ဆုပေးပွဲရဲ့ တာဝန်ရှိသူတွေက ကိုဗစ်ပြသာနာတွေကြောင့် ဒီနှစ်အတွင်း ဆုပေးပွဲကို မကျင်းပဖို့ ဆုံးဖြတ်လိုက်ရာ လီဝန်ဒေါစကီးအတွက် အတော်လေးကို စိတ်ပျက်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : AS English

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့နှစ်ယောက်သာ အပြန်အလှန် ရယူထားနိုင်ခဲ့တဲ့ Ballon d’Or ဆုကို သူတို့နှစ်ယောက်ကို ကျော်ဖြတ်ပြီး ရယူပိုင်ဆိုင်နိုင်ခဲ့တာဆိုလို့ ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်သာ ရှိခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီအတွင်း ပြသနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးရဲ့ စွမ်းဆောင်ရည်တွေကြောင့် လီဝန်ဒေါစကီးပါ Ballon d’Or ပိုင်ရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ အားလုံးက တွက်ဆထားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီနှစ်အတွင်း ကိုဗစ်ပြသာနာတွေကြောင့် Ballon d’Or ဆုကို မချီးမြှင့်တော့ဘူးလို့ အစောပိုင်းကာလကပဲ ထုတ်ပြန်ထားခဲ့တာကို လီဝန်ဒေါစကီးဘက်ကလည်း စိတ်ပျက်နေခဲ့ရပါတယ်။

Photo Credit : Goal

လီဝန်ဒေါစကီးက “လူအနည်းစုက ဒီနှစ်အတွင်း Ballon d’Or ဆုကို ချီးမြှင့်တော့မှာမဟုတ်ဘူးဆိုတာကို ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့တွေရဲ့ ဒီလို ဆုံးဖြတ်ချက်က စောကောင်းစောလွန်းနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားသောဆုပေးပွဲတွေက ဒီနောက်ပိုင်းမှသာ ဆုံးဖြတ်ခဲ့တာမို့ပါ။ ကစားသမားအများစု နည်းပြအများစုနဲ့ ဂျာနယ်လစ်အများစုတွေကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီက ကျွန်တော့်အတွက် အကောင်းဆုံးသောနှစ်တစ်နှစ် ဖြစ်ခဲ့တယ်ဆိုတာကို အားလုံးသိကြမှာပါ။ ကျွန်တော်တို့တွေအားလုံး ပြီးခဲ့တဲ့နှစ်အတွင်း စွမ်းဆောင်ခဲ့တာတွွေကလည်း တကယ့်ကို အံ့မခန်းပါပဲ။ အားလုံးက ဒီစွမ်းဆောင်ရည်တွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကိုလည်း ဝမ်းသာလို့ မဆုံးပါဘူး။ အသင်းက ပိုင်ဆိုင်ခဲ့တဲ့ ဆုဖလားတွေကလည်း အရမ်းကို ထူးခြားကောင်းမွန်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းဆုတံဆိပ်တွေဆိုတာကလည်း အသင်းကြောင့်ပဲ ရရှိလာတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ အသင်းတစ်သင်းက တိုက်စစ်မှူးကောင်းတစ်ယောက် မရှိရင် ခက်ခက်ခဲခဲ ရှေ့ဆက်ရနိုင်ပေမယ့် တိုက်စစ်မှူးတစ်ယောက်အတွက် အသင်းကောင်းတစ်သင်းမှာ မကစားနေရရင်လည်း အလုပ်မဖြစ်နိုင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။