ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက ကြယ်ပွင့်တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ လီဝန်ဒေါ့စကီး ဟာ သူ့ရဲ့ ဘောလုံး ကစားသမား ဘဝ တစ်လျှောက် အပြင်းထန်ဆုံး ပြိုင်ဘက် ကစားသမား အဖြစ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဝါရင့် အသင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ကို သတ်မှတ်ထား‌ကြောင်း ပြောပြခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ပိုလန် အသင်းခေါင်း လီဝန်ဒေါ့စကီးဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို ပြီးခဲ့တဲ့ ရာသီမှာလည်း ဘိုင်ယန်မြူးနစ် အသင်းကို ဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် ပြင်သစ်ဘောလုံးဌာနက ၂၀၂၀ ခုနှစ်အတွက် ဘော်လွန်းဒီအော်ဆု မပေးအပ်တော့ဘူးလို့ မကြေညာခင် အချိန်ထိလည်း လီဝန် ဟာ ဘော်လွန်းဒီအော်ဆု ရရှိဖို့အတွက် အတော်လေး ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Marca

လီဝန်ဒေါ့စကီး ဟာ ဘွန်ဒက်လီဂါ၊ ချန်ပီယံလိဂ် နဲ့ နိုင်ငံတကာ ပွဲစဉ်တွေမှာ သူ ကြုံတွေ့ခဲ့ရတဲ့ ပြိုင်ဘက် ကစားသမား တွေအပေါ် သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပြီးတော့ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက် ကစားသမား အဖြစ် ရာမို့စ်ကို ရွေးချယ်ခဲ့ကာ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော့်အတွက် အပြင်းထန်ဆုံးပြိုင်ဘက်လား ? ခံစစ် ကစားသမားကောင်းတွေ အများကြီး ရှိကြပါတယ်။ ဒါပေမယ့် ဆာဂျီယို ရာမို့စ် နဲ့ ယှဉ်ပြိုင် ကစားရတာတော့ အတော်လေးကို ကောင်းပါတယ်။ သူနဲ့ ယှဉ်ပြိုင် ကစားနိုင်ရတာ အတွက် ကျွန်တော် အမြဲပျော်မိပါတယ် ”လို့ ပြောဆိုခဲ့ပါတယ်။ ရာမို့စ် နဲ့ ရိုနယ်ဒိုက ဘိုင်ယန်မြူးနစ် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်း ထိပ်တိုက်တွေ့ဆုံ ကစားခဲ့တဲ့ ၂၀၁၇ ခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာ သူ့ကို မက်ဒရစ်ထံ ပြောင်းရွှေ့လာဖို့ အတွက် ပြောခဲ့ဖူးကြောင်းကိုလည်း လီဝန်ဒေါ့စကီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

“ ဟုတ်ပါတယ်။ ရိုနယ်ဒို နဲ့ ရာမို့စ် တို့နှစ်ယောက်က ကျွန်တော့်ကို မက်ဒရစ်ကို‌ ပြောင်းရွှေ့လာဖို့ ဖိ‌တ်ခေါ်ခဲ့ဖူးပါတယ်။ ခြေစွမ်းပိုင်းအရ ခင်ဗျား အနေနဲ့ စပိန် လာလီဂါ ကို သွားချင်ရင် သွားလို့ရတယ်။ ဒါမှမဟုတ် တစ်ခြားနိုင်ငံက အသင်း‌ကောင်းတစ်သင်းဆီကိုလည်း ပြောင်းလို့ရတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်ကတော့ အသင်းပြောင်းရွှေ့တာက အရေးပါတဲ့ အရာ မဟုတ်ပါဘူး။ ကျွန်တော် အကောင်း‌ဆုံး ပုံစံ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နေရာမှာပဲ ကျွန်တော်က အကောင်းဆုံး ဆက်ပြီး ကြိုးစားချင်ခဲ့တာပါ။ ကျွန်တော်က အခု ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အသင်းမှာ ကစားနေပါပြီ။ ကျွန်တော် ဒီမှာ ပျော်ရွှင်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်။ ကစားသမားတွေက အစ အားကစားပစ္စည်းတွေအထိ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ အခုလို အသင်းအမျိုးအတွက် ကစားပေးရတာက အတော်လေး လွယ်ကူပါတယ် ” လို့ ပြောပြခဲ့ပါတယ်။