ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ယနေ့မနက် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ဂုဏ်ပြု ချီးကျူးစကား ပြောကြား သွားခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆု အတွက် လီဝမ်ဒေါစကီးနဲ့ မက်ဆီတို့ဟာ အပြိုင် ရေပန်းစားခဲ့ကြတာ ဖြစ်ပြီး မက်ဆီက မဲအရေအတွက် အနည်းငယ် အသာနဲ့ လီဝမ်ဒေါစကီးကို ကျော်ဖြတ်ကာ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့တာပါ။

Photo Credit: The Athletic

မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝမှာ ရွှေဘောလုံးဆုကို ၆ကြိမ် အထိ ရရှိထားတာကြောင့် ယခုတကြိမ် ရရှိမှုကြောင့် သူ့ရဲ့ ရွှေဘောလုံးဆု အရေအတွက်ဟာ ၇ဆု အထိ ဖြစ်လာပြီး ဘောလုံးသမိုင်း တလျှောက်မှာ ရွှေဘောလုံးဆုကို အကြိမ်ရေ အများဆုံး ရရှိထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းလည်း ဝင်ခဲ့ပါတယ်။

ရွှေဘောလုံးဆုပေးပွဲမှာ မက်ဆီရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပေမယ့် လီဝမ်ဒေါစကီး ကတော့ မက်ဆီနဲ့ အမျိုးသမီး အကောင်းဆုံး ကစားသမားဆုကို ရရှိသွားတဲ့ ပူတဲလက်စ်တို့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုပေးပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Athletic

လီဝမ်ဒေါစကီးက – “လီယွန်နယ် မက်ဆီနဲ့ အဲလက်စီယာ ပူတဲလက်စ်တို့ကို ဂုဏ်ပြုချင်ပါတယ်။ ပြီးတော့ ဒီဆုအတွက် စကာတင်စာရင်းထဲ ဝင်ခဲ့ကြတဲ့ ကစားသမားတွေ အားလုံးကိုလည်း ချီးကျူးချင်ပါတယ်။ ကျွန်တော်က ဒီနှစ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးဆုကို ရရှိပြီးပါပြီ။ အကောင်းဆုံးအသင်းနဲ့ ပရိသတ်တွေသာ မရှိရင် ဒီဆုကို ရမယ် မထင်ပါဘူး။ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ရေးသား ဖော်ပြသွားခဲ့တာပါ။