ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ပြီး သူဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာထက် ပိုကောင်းကြောင်း သက်သေပြချင်နေတယ်လို့ လီဝမ်ဒေါစကီးရဲ့ အေးဂျင့်ဟောင်း ကူချာစကီက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ယခု နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာကာ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကိုလည်း သူ့အား ရောင်းထုတ်ပေးဖို့ အဆက်မပြတ် တောင်းဆိုနေပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ဘာစီလိုနာက လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး လီဝမ်ဒေါစကီး အတွက် တရားဝင် ကမ်းလှမ်းမှု ၂ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က ဘာစီလိုနာရဲ့ ကမ်းလှမ်းမှု ၂ကြိမ်စလုံးကို ငြင်းဆန် ပယ်ချထားသလို လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း လိုချင်ကြောင်း အကြောင်းပြန်ထားပါတယ်။

ဒါပေမယ့် ဘောလုံးပရိသတ် အများစုက လီဝမ်ဒေါစကီးဟာ ဘာစီလိုနာထက် ကစားသမား အင်အားရော ၊ ဆုဖလား မျှော်လင့်ချက်ပါ ပိုသာတဲ့ ဘိုင်ယန်မြူးနစ်အား စွန့်ခွာပြီး ဘာကြောင့် ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေတာလဲ ဆိုတာကို မေးခွန်းထုတ်နေကြပြီး လီဝမ်ဒေါစကီးရဲ့ အေးဂျင့်ဟောင်း တဦး ဖြစ်သူ ကူချာစကီကတော့ လီဝမ်ဒေါစကီးဟာ ဘန်ဇီမာထက် ပိုကောင်းကြောင်း သက်သေပြလိုတာကြောင့် ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေတာလို့ ပြောပြလာပါတယ်။

Photo Credit: Marca

ကူချာစကီက – “လီဝမ်ဒေါစကီးက စပိန်မြေဆီ ပြောင်းရွှေ့ပြီး သူဟာ ဘန်ဇီမာထက် ပိုကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်းကို သက်သေပြချင်နေပါတယ်။ ဒါက သူ ဘာကြောင့် ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေတာလဲ ဆိုတာရဲ့ အကြောင်းပြချက် တခုပါ” လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Radio SER သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။