ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ ရောဘတ် လီဝန်ဒေါ့စကီး ဟာ သူ့အနေနဲ့ ဒေါ့မွန်အသင်းမှာ ကစားနေစဉ် က အိုးထရက်ဖို့ဒ် ကို ပြောင်းရွှေ့ဖို့ မကြာခဏ ဆိုသလို ကမ်းလှမ်းမှုတွေနဲ့ ကြုံခဲ့ရကြောင်း နဲ့ ၂၀၁၂ ခုနှစ်လောက်က မန်ယူအသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန် နဲ့ အပြောင်းအရွှေ့ကိစ္စ အတွက် ဆွေးနွေးစကား ပြောခဲ့ဖူးပြီးတော့ မန်ချက်စတာယူနိုက်တက် အသင်းဆီ ကို ပြောင်းရွှေ့လုနီးပါးတောင် ဖြစ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့က မအောင်မြင်ခဲ့ပဲ လီဝန်ဒေါ့စကီးဟာ ၂၀၁၄မှာ ဒေါ့မွန်အသင်းရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဆီ ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရါတယ်။

Photo Credit: Goal

 

လီဝန်ဒေါ့စကီးဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲပေါင်း ၃၀၇ ပွဲလောက် ပါဝင် ကစားပေးထားပြီးတော့ ၂၆၆ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်လီဂါ ပြိုင်ပွဲသမိုင်းမှာ တတိယမြောက် သွင်းဂိုး အများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ လီဝန် ဒေါ့စကီးဟာ ၂၀၁၉-၂၀ ရာသီတုန်းကလည်း ဘိုင်ယန်မြူးနစ် အသင်းကို ဘွန်ဒက်လီဂါ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ဖီဖာ က ပေးအပ်တဲ့ ၂၀၂၀ ခုနှစ် ရဲ့ အကောင်းဆုံး အမျိုးသား ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ လီဝန်က အခုလို အောင်မြင်မှုတွေ ရရှိအပြီးမှာတော့ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဒေါ့မွန် အသင်းအနေနဲ့ သူ့ကို ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ဖို့ ကိစ္စကို မတားခဲ့ဘူးဆိုရင် သူ့ရဲ့ အခြေအနေဟာ တစ်မျိုး ဖြစ်နေနိုင်တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

Photo Credit: Goal

လီဝန်ဒေါ့စကီးက ပြင်သစ်ဘောလုံး သတင်းဌာန ကို သူ့ရဲ့ အရင်က အကြောင်းတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော် ဒေါ့မွန်ကစားသမား အဖြစ် ၂ နှစ်လောက် ကစားပြီးတော့ ဆာအဲလက်စ် ဖာဂူဆန် နဲ့ စကားပြောဖြစ်ခဲ့ကြပါတယ်။ သူက ကျွန်တော့်ကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လာကစားစေချင်နေခဲ့တယ်။ ကျွန်တော်လည်း အဲ့ဒီအကြောင်းကိုကြားတော့ အလွန်ပဲ ဝမ်းသာခဲ့ပြီးတော့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့မိတယ်။ ကျွန်တော် ခင်ဗျားအသင်းမှာ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ လို့တောင် ပြောဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်း တာဝန်ရှိသူတွေက ကျွန်တော့်ကို လက်မလွှတ်ချင်ခဲ့ဘူး။ အဲ့ဒါက ကျွန်တော့်ကို ထင်သလောက်တော့ စိတ်မပျက်စေခဲ့ပါဘူး။ ဘာလို့လဲဆိုရင် ဒေါ့မွန်အသင်းနဲ့ ကျွန်တော့်ကြား အခြေအနေတွေက အကောင်းတိုင်းပဲ ဆက်သွားနေခဲ့တာကြောင့်ပါ ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန် ဟာ လီဝန်ကို လက်လျှော့ပြီး ၂၀၁၂-၁၃ ရာသီမှာ အာဆင်နယ် အသင်းထံကနေ ရော်ဘင် ဗန်ပါစီ ကို ခေါ်ယူခဲ့ပါတယ်။ ဗန်ပါစီ ဟာ နည်းပြကြီး ဖာဂူဆန် ရဲ့ နောက်ဆုံးရာသီမှာ မျက်နှာပန်းလှအောင် ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။