ဂျာမန် အင်အားကြီးကလပ် အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ပိုလန်သားကြီး လီဝမ်ဒေါစကီးဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့ သေချာသွားခဲ့ပြီ လို့ သိရပါတယ်။ အသက် ၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ပိုလန်သားကြီး လီဝမ်ဒေါစကီးဟာ လက်ရှိ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ အကောင်းဆုံး ပုံစံ တစ်ခုကို ရရှိနေတဲ့ ကစားသမား ဖြစ်ပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၆၇ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ကာ ယနေ့ မနက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာလည်း အသင်း အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Metro

ယနေ့မနက် ၁နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်း အတွက် သွင်းဂိုးတွေကိုတော့ တောင်ပံ ကစားသမား ဂနာဘရီနဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့က သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အတွက် အဖွင့်ဂိုးနဲ့ ဒုတိယ ဦးဆောင်ဂိုးတွေကိုတော့ ပွဲချိန် ၁၈မိနစ်နဲ့ ၃၃မိနစ်မှာ တောင်ပံ ကစားသမား ဂနာဘရီက သွင်းယူပေးခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ လီဝမ်ဒေါစကီးက ပွဲချိန် ၈၈မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ လိုင်ယွန်အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဝမ်ဒေါစကီးရဲ့ သွင်းဂိုးဟာ ၁၅ဂိုးအထိ ရှိလာခဲ့ပြီး ဗိုလ်လုပွဲ တစ်ပွဲတည်းသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ သူ့ရဲ့ သွင်းဂိုးကို လိုက်မှီနိုင်မယ့် ကစားသမား မရှိတော့ပါဘူး။

Photo Credit: Metro

လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ကစားသမားစာရင်းကို ကြည့်လိုက်မယ် ဆိုရင်တော့ လီဝမ်ဒေါစကီးဟာ သွင်းဂိုး ၁၅ဂိုးနဲ့ ပထမနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက သွင်းဂိုး ၁၀ဂိုးနဲ့ ရှိနေကာ တတိယနေရာမှာတော့ ဘိုင်ယန်မြူးနစ် ကစားသမား ဂနာဘရီက သွင်းဂိုး ၉ဂိုးနဲ့ ရပ်တည်နေပါတယ်။ ဟာလန်းရဲ့ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်တာကြောင့် လီဝမ်ဒေါစကီးကို လိုက်မှီနိုင်မယ့် ကစားသမားဟာ အသင်းဖော် ဂနာဘရီ တစ်ဦးတည်းသာ ရှိနေပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲလို အရေးပါတဲ့ ပွဲမျိုးမှာ ဂနာဘရီအနေနဲ့ တစ်ဦးတည်း သွင်းဂိုး ၆ဂိုးအထိ သွင်းယူနိုင်ဖို့ မလွယ်ကူတာကြောင့် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကိုတော့ လီဝမ်ဒေါစကီးက သိမ်းပိုက်နိုင်ခဲ့ပြီ လို့ သတ်မှတ် ရမှာပါ။